Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး တိုးတက်အောင်လုပ်မည်ဟု စစ်ခေါင်းဆောင် ပြော
DVB
·
August 1, 2024

၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှု (GDP) ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ GDP တိုးတက်မှု လျော့ကျခဲ့ပြီး ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပေမဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အားသွန်ခွန်စိုက်လုပ်လိုက်လို့ GDP တိုးတက်မှုဟာ အနုတ်လက္ခဏာ ပြရာကနေ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်း ၈ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့လည်း သူကဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ကိန်းဂဏန်းတွေအရလည်း ၂၀၂၁ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၂၂ မှာ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဖော်ပြထားတဲ့အတွက် စစ်ခေါင်းဆောင်ပြောတဲ့ ကိန်းဂဏန်းတွေနဲ့ တူညီခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၀ ဒသမ ၈ ရာခိုင်နှုန်းနဲ ၂၀၂၄ မှာတော့ ၁ ဒသမ ၂ ရာခိုင်နှုန်းလို့ ADB က ဆိုထားတဲ့အတွက် စစ်ခေါင်းဆောင်ရဲ့ ကိန်းဂဏန်းတွေဟာ ပိုမိုချဲ့ကား တွက်ချက်ထားသလားဆိုပြီး မေးခွန်းထုတ်တာတွေ ရှိလာပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ၃ ဒသမ၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းပေမဲ့ ADB ဘဏ်ကတော့ ၂ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဆိုထားပါတယ်။

မင်းအောင်လှိုင်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောဆိုနေပေမဲ့ လက်တွေ့မှာတော့ အာဏာမသိမ်းခင်က ၁,၅၀၀ ကျပ်ဝန်းကျင်မှာ ရှိခဲ့တဲ့ ဒေါ်လာဈေးဟာ အာဏာသိမ်းအပြီး ၃ နှစ်အကြာမှာ ၅,၂၀၀ ကျော် ဖြစ်လာတဲ့အပြင် တကျပ်သား ၁၀ သိန်းဝန်းကျင်ဖြစ်ခဲ့တဲ့ ရွှေဈေးဟာလည်း ကျပ်သိန်း ၆၀ ကျော်လာပါတယ်။

ဒါ့အပြင် ငွေစက္ကူတန်ဖိုး ကျဆင်းပြီးတော့ ကုန်ဈေးနှုန်းတွေဟာ တနေ့တခြား မြင့်တက်လာတဲ့ဒဏ်ကို ပြည်သူလူထု ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာ ကျပ်ငွေတန်ဖိုးတွေ ဆက်တက်ကျဆင်းလာတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က စီးပွားရေးသမားတွေကို အပြစ်တင်ပါတယ်။

စစ်ခေါင်းဆောင်က “ပြီးခဲ့သည့် ဧပြီလအတွင်း မသမာသူ ဝိသမ စီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့် ငွေကြေး ဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်း၊ ဘဏ်စနစ်များ ထိခိုက်ပြိုလဲအောင် လုပ်ဆောင်ခြင်း၊ ငွေကြေးများ ကမောက်ကမဖြစ်အောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့် စည်းကမ်းဥပဒေနှင့်အညီ စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အခုလက်ရှိ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေဆီမှာ နယ်မြေတွေ ဆုံးရှုံးသွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးဟာ သိသိသာသာ ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

အဲဒီလိုကျဆင်းတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြည်ပနိုင်ငံတွေကို အပြစ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ နာမည်တပ်ပြီး အပြစ်တင်တာမဟုတ်ဘဲ “ပြည်ပနိုင်ငံအချို့သည် စီးပွားရေး ပိတ်ဆို့ခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆို့ခြင်း၊ နယ်စပ်ကုန်သွယ်ရေး မပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး၊ လက်ဝါးကြီးအုပ် ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နည်းလမ်းပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရတယ်” လို့ ပြောဆိုခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013