Home
မြန်မာသတင်း
ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ဘက်တာဝန်ပြန်ပေး 
DVB
·
August 4, 2024

ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို မူလစစ်ဘက်တာဝန်တွေ ပြန်ပေးပြီး  ရဲဗိုလ်ချုပ်ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သြဂုတ် ၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြည်ထဲဒုတိယဝန်ကြီးနဲ့ ရဲချုပ် ပူးတွဲတာဝန်ပေးထားတဲ့ ဒု ဗိုလ်ချုပ်ကြီး နီလင်းအောင်ကို  စစ်ဘက်တာဝန်တွေပြန်လည်တာဝန်ပေးတာဟာ ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ကိစ္စတွေနဲ့ ဆက်စပ်နေသလို ရှမ်းပြည်နယ်စစ်ရေးကိစ္စတွေကို ဦးဆောင်ခိုင်ဖို့ စစ်ဆင်ရေးအထူးအဖွဲ့ နေရာအတွက်လည်း ဖြစ်နိုင်တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးကိုလုပ်သလို စစ်ဘက်တာဝန်တွေပြန်ပေးပြီးမှ စစ်ဘက်ရောက်မှဖမ်းပြီး ခုံရုံးတင်မလား။ ဘာလို့လဲဆိုတော့ သူ ရဲချုပ်ဖြစ်တော့ နခခမှာ ရဲတွေသေတဲ့ကိစ္စ၊ ထွက်ပြေးတဲ့ကိစ္စ အများကြီးရှိတယ်။ နောက်တခုက သူက ရပခ၊ ရလခ၊ တသခမှာ တာဝန်ယူခဲ့တော့ ရှမ်းမြောက်စစ်ရေး တာဝန်ပေးမလားပေါ့” လို့ သုံးသပ်ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တို့မှာ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်နီလင်းအောင်ဟာ ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပြီး ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ် တာဝန်ပေးခံခဲ့ရတာပါ။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်တုန်း ဗိုလ်မှူးချုပ်ဘဝမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ အရပ်သား ၃၅ ယောက် သတ်ဖြတ်မှုမှာ ဦးဆောင်ခဲ့သူတယောက်အဖြစ် နိုင်ငံတကာက အရေးယူပိတ်ဆို့တာကို ခံရသူတယောက်လည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ဘက်ကို ပြန်ခေါ်လိုက်တာဟာ ရှမ်းမြောက်စစ်ရေးကို ဦးဆောင်ခိုင်းမှာဖြစ်တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတယောက်က သုံးသပ်ပါတယ်။

“ကစထမှူး ၂ က ရှမ်းအရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက်နဲ့ ကယားထိစပ်နယ်မြေတွေ ကိုင်ရတာ။ သူက ရှမ်းမြောက်ကလွဲရင် ရှမ်းအရှေ့၊ ရှမ်းတောင်၊ ကယားလည်း တာဝန်ယူခဲ့တာ။ ရလခတိုင်းမှာ ရှမ်းမြောက်လည်းပါတယ်။ အဲဒါကြောင့် သူ့ကို ကစထမှူးနေရာ ပေးမယ်ထင်တယ်” လို့ ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းက ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကိုလည်း ပူးတွဲပေးခဲ့တာဖြစ်ပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျသွားတာကြောင့် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က စစ်တိုင်း ၄ ခုကို တာဝန်ယူရတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကထစ ၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ဖြုတ်ပစ်ပြီး အဲဒီနေရာ တာဝန်ပေးလိုက်တယ်လို့ သတင်းတွေ ထွက်နေပြီး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အဖြစ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဒုတိယဗိုလ်ချုပ်ကြီး ကထစမှူး ဖြစ်လာခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013