ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီးရှိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရုံးအနီးကို ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစီးဟာ ဩဂုတ် ၆ ရက် မနက်ပိုင်း ၂ နာရီလောက်မှာ FDA ရုံးနဲ့ အုတ်ဖိုကန် ကျေးရွာတွေကြားမှာ Rocket နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်မှုတော့ မရှိဘူးလို့ မြောက်ဦးမြို့ခံတဦးက ပြောပါတယ်။
“မနက်ပိုင်း ၂ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာပြီး ပစ်သွားတာ။ အရပ်သားတွေနဲ့ ထိခိုက်ခဲ့တာတော့ မရှိဘူး။ ပြည်သူတွေကတော့ အိပ်နေတုန်းမှာဆိုတော့ တော်တော်လေးကို တုန်လှုပ်သွားကြတယ်။ စစ်ကောင်စီက ဒီအတိုင်း ပြည်သူတွေကို အကြောက်တရားရအောင်ဆိုပြီး လာပစ်ခဲ့တာဖြစ်တယ်။”
ပြီးခဲ့တဲ့ မေလအတွင်းကလည်း မြောက်ဦးမြို့ ထွေအုပ်ရုံးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက ရခိုင်က မြို့နယ်တွေရှိ ဆေးရုံတွေနဲ့ အရပ်သားတွေ အများဆုံးနေထိုင်ကြတဲ့ နေရာတွေကို လာရောက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေမြဲ ကျူးလွန်နေတာ ဖြစ်တယ်လို့ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
“ရခိုင်မှာ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေနဲ့ စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေက နေ့တိုင်းလိုလို ရှိနေတုန်းဖြစ်တယ်။ စစ်ကောင်စီက ဆေးရုံတွေ အရပ်သားတွေနေတဲ့ လေကြောင်းကနေ အများဆုံး တိုက်ခိုက်နေတာတွေဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်မြဲ ကျူးလွန်နေတာဖြစ်တယ်။”
ရခိုင်ပြည်နယ်မှာ လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ကောင်စီက နေ့တိုင်းဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။