စစ်အာဏာသိမ်းအဖွဲ့အား လက်နက်ကိုင် ဆန့်ကျင်တွန်းလှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်ပွဲသတင်းများသည် နေ့စဉ်နှင့်အမျှ ထွက်ပေါ်လာနေမှုနှင့်အတူ တော်လှန်ရေးတပ်များနှင့် ပြည်တွင်းပြည်ပရှိ ပြည်သူများအကြား စိတ်ဓာတ်များလည်း တက်ကြွလာနေကြပြီ ဖြစ်သည်။
စစ်ကောင်စီတပ်များ အစုလိုက်အပြုံလိုက် လက်နက်ချနေကြသည့် သတင်းများ၊ စစ်သားသစ်များ အတင်းအဓမ္မ စုဆောင်းနေမှုများလည်း အားပျော့လာနေပြီး ပျက်ပြားသွားမည့်အန္တရာယ် ရှိနေသည့် သတင်းများသည်လည်း စိတ်အားတက်ကြွဖွယ် ဖြစ်လာရပြန်သည်။
သို့သော်လည်း စစ်ကောင်စီသည် လတ်တလော ပြိုလဲသွားမည့်သဘောမျိုး မတွေ့ရဘဲ တရုတ်နှင့် ရုရှားတို့ အားဖြည့်ပေးထားသည့် လက်နက်များ မကုန်မချင်း ဆက်သွားနေမည်သာ ဖြစ်သည်။
သို့သော် ၎င်းတို့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် မည်သို့သော မဟာဗျူဟာမျိုး ကျင့်သုံးနေသနည်းဟု မေးစရာဖြစ်လာသည်။ ယခင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများလို တအိအိနှင့် သွားနေမည်လော၊ နိုင်ငံသစ် မွေးဖွားလာမည်လော၊ ပြိုကွဲသွားနိုင်ဖို့ ရှိနေသည်လား ဆိုသည့် မေးခွန်းများနှင့် ပတ်သက်ပြီး ဧရာဝတီတွင် ဆောင်းပါးရှင် ဒေါက်တာ ပေါလင်းက ယခုလို ရေးသားထားသည်။
စစ်ကောင်စီ၏ လက်နက်အင်အားကို ကုန်ခန်းသွားစေမည့် နည်းလမ်းတခုသည်က ၎င်းတို့ ပြုပြင်ထိန်းသိမ်းရေးနှင့် ထုတ်လုပ်ရေး စက်ရုံများကို ဖျက်ဆီးပစ်နိုင်ဖို့ပင် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိ တော်လှန်ရေးတပ်ဖွဲ့များ၏ပစ်မှတ် ဖြစ်မလာသေးပေ။
မြန်မာပြည်သူတရပ်လုံးက တော်လှန်ရေးအား စိတ်အားတက်ကြွစွာ ထောက်ခံနေကြသည်ဟု ယေဘုယျ ယူဆ၍ရသော်လည်း တိုက်ပွဲကြား ပိတ်မိနေသူများ၊ အိုးအိမ်၊ စည်းစိမ်၊ အလုပ်အကိုင်ပစ် လက်လွတ် ထွက်ပြေးနေရသူများက ထိုသို့ လိုလိုလားလား ထောက်ခံပြီး ပါဝင်လာကြမည်လော၊ လက်ရှိ တော်လှန်ရေးတွင် ၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်တပ်၏ ဒေါသတကြီး တုံ့ပြန်ခဲ့မှုနှင့် ရင်ဆိုင်ခဲ့ရသည့် လူငယ်များ အဓိက ပါဝင်နေကြသည်။ သို့သော် တော်လှန်ရေးတွင် မပါဝင်ဘဲ ပိုနေမြဲ ကျားနေမြဲ နေလိုသည့် မြို့ပြလူငယ်များလည်း ရှိနေပြန်သည်။ သို့သော် စစ်တပ်၏ စစ်သားစုဆောင်းရေး ဆိုသည်ကြောင့် ခြိမ်းခြောက်ခံလာရပြီ ဖြစ်သည်။ ထို့ပြင် အလွှာအသီးသီးတွင် တော်လှန်ရေးနှင့် မပတ်သက်ဘဲ အေးအေးနေလိုသည့် လူများလည်း ရှိနေသည်။
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များထဲတွင်ပင် စစ်တပ်နှင့် ပြောလို့ဆိုလို့ရသည့် အနေအထားကို ဆုပ်ကိုင်ထားပြီး ဘေးထွက်ထိုင်နေသည့် တရုတ်နှင့် ဆက်စပ်နေသည့် UWSA, SSPP ကဲ့သို့ အချောင်ဝင်အုပ်မည့် free riders များလည်း ရှိနေသည်။
အာဏာသိမ်းအဖွဲ့ ပြိုလဲသွားလျှင် ထိုသို့ ဘေးထွက်ထိုင်နေသူများ ရှေ့ဆက် မည်သို့ စခန်းသွားကြမည်နည်း။ လက်ရှိ တိုက်ပွဲဝင်နေသူများနှင့် ပဋိပက္ခ ဖြစ်ပွားလာနိုင်မည်လော၊ လက်ရှိတွင်ပင် KIA, TNLA နှင့် SSPP အကြား အငြင်းပွားမှုများ ရှိနေသည်။ ရှမ်းအဖွဲ့ အချင်းချင်းလည်း မကျေမလည် ဖြစ်နေသည်။
လက်ရှိတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ပွဲဝင်နေမှုသည် အကျိုးနှင့် အကြောင်းအရ အကျုံးဝင်သည်၊ သို့သော် ဗမာ-ဗမာချင်း တိုက်ခိုက်နေမှုသည် ထိုအနေအထားကို ပြောင်းလဲသွားနိုင်သည်။ ဘုံရန်သူ ပေါ်ပေါက်လာသည့်အတွက် သွေးစည်းညီညွတ်မှု ရှိလာသော်လည်း ဘုံရန်သူ မရှိတော့သည့်နောက်ပိုင်း ဆက်၍ ညီညွတ်မှု ရှိနေဦးမည်လော။
ထိုအခါတွင် စစ်တပ်နှင့် လက်ရှိ အပစ်ရပ်ထားသည့် အဖွဲ့များ၊ ခြံစည်းရိုးပေါ် ခွထိုင်နေသူများက စစ်ခေါင်းဆောင်များနှင့် ဆက်ဆွေးနွေးနိုင်ရေးကိုသာ အားသန်နေကြမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဖက်ဒရယ်ပုံစံတမျိုးမျိုး ထွက်ပေါ်လာနိုင်သည်ဟု ယုံကြည်မှု ရှိနေသည်။ မည်သည့်ပုံစံမျိုး ဆိုသည်ကို အတိအကျ ပြောနိုင်ဖို့ မေးစရာရှိလာသည်။
ဘော်လကန်အဖြစ်မျိုး မဆိုက်ဖို့ မြန်မာသည် ဖက်ဒရယ် သို့မဟုတ် ပူးတွဲဖက်ဒရယ်ပုံစံမျိုးနှင့် တိုင်းရင်းသားလက်နက်ကိုင် အသီးသီး ထိန်းချုပ်ထားသည့် နယ်မြေများဖြင့် နိုင်ငံခွဲလေးများ စုပေါင်းထားသည့်ပုံစံမျိုး ဖြစ်လာလိမ့်မည်လော။ မည်မျှအတိုင်းအတာအထိ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိမည်နည်း၊ နိုင်ငံခွဲလေးများ မည်မျှထိ ရှိလာနိုင်မည်နည်း။ လက်ရှိ သတ်မှတ်ထားသည့် နယ်နိမိတ်မျဉ်းများ ဖျက်သိမ်းပစ်ခြင်း၊ သို့မဟုတ် လူမျိုးစုအလိုက် နယ်နိမိတ်မျဉ်းများ ပြန်လည်သတ်မှတ်မည်လော။
လက်ရှိ ဗမာလူမျိုးနွယ်စုများ ကြီးစိုးသည့် အမျိုးသားဝါဒသည် တော်လှန်ရေးကြီးအပြီးတွင် မည်သို့မျှ နေရာပေး၍ ရတော့မည်မဟုတ်၊ နိုင်ငံအတွင်း နိုင်ငံခွဲလေးများပုံစံ ဖြစ်ပေါ်လာမည်ကို မည်သူမျှ လိုလားကြမည်မဟုတ်၊ ကုလသမဂ္ဂတွင်လည်း နေရာရမည် မဟုတ်သည့်အပြင် နိုင်ငံတကာမှလည်း အသိအမှတ်ပြုမည်မဟုတ်။
မြန်မာနိုင်ငံတွင် ဗမာလူမျိုးများအတွက် သီးခြားနယ်မြေများ ရှိလာမည် ဖြစ်သည်။ ဖက်ဒရယ်ပုံစံသစ်တွင် လူမျိုးစု တခုချင်းစီအလိုက် သို့မဟုတ် လူမျိုးစုပေါင်းစုံ စုဝေးသည့် ဒေသအသီးသီး ထွက်ပေါ်လာမည် ဖြစ်သည်။ အချင်းချင်း တိုက်ခိုက်နေကြမည့်အစား ထိုသို့ ထွက်ပေါ်လာခြင်းကို ဝမ်းပန်းတသာ လက်ခံသင့်ပေသည်။ စစ်အာဏာရှင်စနစ်နှင့်အတူ လူမျိုးစု တစုတည်း၏ အကျိုးစီးပွား၊ ဓလေ့ထုံးတမ်းများအပေါ် အခြေခံသည့် အမျိုးသားရေးဝါဒ ethno- nationalism သည်လည်း အဆုံးသတ်သွားမည် ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရကော ဆက်လက်ရပ်တည်သွားမည်လော ဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာသည်။ လက်ရှိတွင် ၎င်းတို့ ရပ်တည်ပိုင်ခွင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ထားခြင်းခံရသော လွှတ်တော်အမတ်များအပေါ် တည်မှီနေသည်။ ထိုလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းလာသော CRPH မှတဆင့် NUG ကို ပြင်ပကမ္ဘာအတွက် ကြားခံအဖြစ် ဖွဲ့စည်းလာခြင်း ဖြစ်သည်။ အောက်ခြေမှတဆင့် ချဉ်းကပ် ဖွဲ့စည်းလာမည့် ဖက်ဒရယ်ပုံစံသစ်အား NUG က စတင်ပေးခဲ့သည့်တိုင် တကယ်တမ်း ထွက်ပေါ်လာခဲ့လျှင် ၎င်းတို့၏ အခန်းကဏ္ဍ ပျောက်ကွယ်သွားနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေရာပျောက်သွားနိုင်သည်။
ဖက်ဒရယ်အာဏာသည် ယခင်အနေအထားတိုင်း ရှိတော့မည် မဟုတ်ပေ။ တော်လှန်ရေး၏ အနှစ်သာရကပင် လက်ရှိစနစ်ကြီးတခုလုံးကို မှောက်လှန်ပစ်နိုင်ရန်ပင် မဟုတ်ပါလော။
အနာဂတ် ဖက်ဒရယ်ပုံစံသစ်ကို ယခုထဲကပင် တော်လှန်ရေးအုပ်စုများအချင်းချင်း ဆွေးနွေး ညှိနှိုင်းထားသင့်ပြီ ဖြစ်သည်။ NUCC ဖြင့် ပထမအဆင့်ကို လှမ်းခဲ့ကြပြီး ဖြစ်သည်။ သို့သော် NUCC တွင် မပါဝင်သေးသည့် NCA လက်မှတ်ထိုးထားသော အဖွဲ့များတွင်လည်း သီးခြား အမြင်များ ရှိနေသည်။ အားလုံး တစုတဝေးတည်း ပါဝင်လာနိုင်မည့် လုပ်ငန်းစဉ်ယန္တရားတခု မတည်ဆောက်နိုင်လျှင် နိုင်ငံသည် အကွဲကွဲအပြားပြား ဖြစ်သွားနိုင်သည်။ လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အောက်ခြေလူတန်းစားများနှင့် ထိတွေ့နိုင်၍ ထိုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဗမာတော်လှန်ရေးသမားများကို လေ့ကျင့်သင်ကြားပေးခဲ့သည် ဆိုသော်လည်း ဖက်ဒရယ်စနစ်သစ်တွင် မည်သို့မည်ပုံ ရပ်တည်လာကြမည်နည်း၊ သီးခြားစစ်တပ်များ ဖွဲ့စည်းလာကြမည်လော၊ အခြား လူမျိုးစုများ ပါဝင်လာမည်ကို လက်ခံကြမည်လော။ စစ်ကောင်စီတပ်များအပေါ် မည်သို့ သဘောထားမည်နည်း။ လက်ရှိ ခြံစည်းရိုးအပေါ် ခွထိုင်နေသည့် တိုင်းရင်းသား အဖွဲ့များနှင့်ကော ဆွေးနွေးကြမည်လော။ ၎င်းတို့သည် UWSA ကဲ့သို့ သီးခြား ရပ်တည်သွားကြမည်လော။
စိုးရိမ်မကင်းစရာ ဖြစ်လာရသည်က တိုင်းရင်းသားတပ်များ အချင်းချင်း နယ်မြေလုစစ်ပွဲများ ဖြစ်ပွားလာမည့်အရေးပင် ဖြစ်သည်။ လက်ရှိ ရန်သူဖြစ်သော စစ်ကောင်စီတပ်များသည် ပြန်လည်စုစည်းပြီး အသာစီးရလာအောင် ကြိုးစားလာကြမည်လော။
မြန်မာသည် နှစ်ဆယ့်တစ်ရာစုတွင် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် စစ်ပွဲများ ထပ်ဖြစ်လာမည့်အရေးကို မည်သို့မျှ ဆက်လက်ခွင့်ပြုနိုင်စွမ်း မရှိတော့၊ ဇွဲသတ္တိ၊ သည်းခံစိတ် အပြည့်နှင့် ဒူပေနာပေ ခံနိုင်သည့်စိတ်ဓာတ်များ မွေးမြူထားရမည် ဖြစ်သည်။
သို့မှသာ ပေါ်ထွန်းလာသည့် နိုင်ငံသစ်ကို လူမျိုးရေးအပေါ် အခြေမခံဘဲ သစ္စာစောင့်သိ ထိန်းသိမ်းသွားလိုစိတ်ဖြင့် ကြိုးပမ်းတည်ဆောက်သွားရမည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!