ရခိုင်ပြည်နယ် တောင်ပိုင်းအဆုံးမြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား သြဂုတ် ၈ ရက်နေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားနေကြပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ဂွမြို့နယ်၊ ချင်းကွင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းငယ်ကို အာရက္ခတပ်တော်က သြဂုတ် ၈ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဂွမြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်လာပြီး စစ်ကောင်စီဘက်က ကျီန္တလီမြို့ဘက်ကို တပ်ဆုတ်ပြီး ခံစစ်ပြင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲက ချင်းကွင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကို အေအေ စပြီး တိုက်တာဖြစ်တယ်။ စစ်ကောင်စီကတော့ ကျီန္တလီဘက်ကို တပ်ဆုပ်သွားတယ်။ ကျီန္တလီမှာ ဂွဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရောက်နေပြီးတော့ ခံစစ်ပြင်နေကြတာ ရှိတယ်။ အထူးသဖြင့် အထပ်မြင့် အဆောက်အဦတွေမှာ နေရာယူထားကြတာရှိတယ်။ အဓိကတော့ ဂွမြို့ပေါ်ကို AA ရောက်မလာဖို့ ခံစစ်ကာတဲ့သဘောပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဂွမြို့နယ်၊ ချင်းကွင်းကျေးရွာနဲ့ ကျီန္တလီက ဒေသခံ ထောင်နဲ့ချီပြီး ဂွမြို့နဲ့ ဧရာဝတီတိုင်းဘက်ကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာတာကြောင့် ဂွမြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားသလို စစ်အင်အားတွေလည်း ဖြည့်တင်းနေတယ်လို့ နောက်ထပ်မြို့ခံတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်းက လုံခြုံရေးတွေ တော်တော်လည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာရှိတယ်။ စစ်ရှောင်တွေဆိုရင် အရမ်းစစ်တယ်။ ဧရာဝတီဘက်ကလည်း အင်အားတွေကို ရေကြောင်းကနေ ဖြည့်တင်းနေတာတွေ ရှိတယ်။ ဂွမြို့ပေါ်ကတပ်တွေကို AA က လာတိုက်မှာကို စစ်ကောင်စီက တော်တော်လေးကို ကြောက်နေကြတာ” လို့ပြောပါတယ်။
ဂွမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၅၆၂ တပ်ရင်းနဲ့ ခမရ ၅၆၃ တပ်ရင်းတို့ အခြေစိုက်ထားပြီး တပ်ရင်းတွေ တိုက်ခိုက်ခံရမှာစိုးရိမ်လို့ ဇွန်လကုန်ပိုင်းကတည်းက တပ်ရင်းအနီးတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် အဲဒီမိုင်းတွေကိုနင်းမိပြီး အရပ်သား ၅ ယောက်ထက်မနည်း ထိခိုက် သေဆုံးခဲ့ပါတယ်။