ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကို ဩဂုတ် ၂၁ ရက်က စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ၂ ကြိမ်တိုင် လက်နက်ခဲယမ်းတွေ လာပို့သွားခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံက ပြောပါတယ်။
ဩဂုတ် ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်အတွင်း ဖားကန့်မြို့နယ်ထဲ စခန်း ၂ ခု သိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့ထဲ ရဟတ်ယာဉ်နဲ့ လက်နက်ခဲယမ်း လာပို့သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ဖားကန့်မြို့ စစ်ကောင်စီဗျူဟာကုန်းကို ရဟတ်ယာဉ်နဲ့ ၂ ကြိမ်လာပြီးတော့ လက်နက်ခဲယမ်းတွေ လာချသွားပါတယ်။ ၂ နာရီ ၅၅ မိနစ်မှာ တခါ။ ရဟတ်ယာဉ် ၂ စီးလာတယ်။ တစီးက ဗျူဟာကုန်းမှာ လက်နက်တွေ လာချသွားတယ်။ တစီးက အပေါ်ကနေ လုံခြုံရေးယူပေးတဲ့ သဘောနဲ့ ဖားကန့်မြို့ပေါ်ကို ပတ်နေတယ်။ ပြီးရင် ၄ နာရီ ၃၅ မှာလည်း တခါ ရဟတ်ယာဉ် ၂ စီးလာပြီး တစီးက ဗျူဟာကုန်းမှာ လက်နက်တွေချပြီး တစီးက အပေါ်ကနေ စောင့်ကြည့်ပေးနေတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၁၅ ရက်က ဖားကန့်မြို့နယ်ထဲက တောမှော်တပ်စခန်းနဲ့ လမောင်ကုန်းတပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။
တပ်စခန်း ၂ ခု သိမ်းပိုက်ခံလိုက်တဲ့ စစ်ကောင်စီကတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် ဆိုင်းတောင်နဲ့ ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊ နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်း၊ လမောင်နဲ့ တောမှော် တပ်စခန်းတို့ကို သိမ်းယူထားပြီး ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ ကံစီး ဗျူဟာကုန်း၊ ကန်းဂေါင်ဘွမ် စစ်ကောင်စီစခန်း၊ လယ်ပြင်ယမ်းချက်တပ်စခန်း၊ မဇွပ်ယန်ထောင်၊ ဖားကန့်ဗျူဟာကုန်းနဲ့ ရဲစခန်း၊ ဆိုင်းတောင်ရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့ အဓိကကျတဲ့ စခန်းတွေ ကျန်ရှိနေသေးတာပါ။
စစ်ကောင်စီကတော့ ကချင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေ ဖြတ်တောက်ထားပြီး မြေပြင်ကနေရော လေကြောင်းကနေ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။