မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ရှေ့နေတယောက်နဲ့ အမျိုးသားတယောက်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ အောင်သပြေပိုင်းမှာနေတဲ့ ရှေ့နေ မစံပယ်ကို ဩဂုတ် ၁၈ ရက် ည ၈ နာရီမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာပဲ လာရောက် ဖမ်းဆီးခဲ့ပါတယ်။
ရှေ့နေ မစံပယ်ဟာ စစ်အာဏာသိမ်းပြီးပြီးချင်း ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရတဲ့ ကျိုက်ထိုမြို့သားတွေကို အခမဲ့ ရှေ့နေလိုက်ပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီက သူ့ကို ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင်ပိတ်ခဲ့ပါတယ်။
ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပန်းကမ္ဘာစားသောက်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းခိုင်ကို ဩဂုတ် ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဆိုင်မှာပဲ ဖမ်းဆီးခဲ့ပါတယ်။
ကျိုက်ထိုမြို့ခံတဦးက “တနေ့တည်း နှစ်ယောက်လုံးကို ဖမ်းသွားတာပါ။ နေ့လယ်ဘက်က ဦးကျော်ဝင်းခိုင်ကို ပန်းကမ္ဘာစားသောက်ဆိုင်မှာ ဖမ်းခဲ့တာ။ ရှေ့နေ မစံပယ်ကိုတော့ အောင်သပြေပိုင်းမှာ ဖမ်းခဲ့တာပါ။ ဖမ်းသွားတာကတော့ PDF တွေနဲ့ ပတ်သက်လို့ဆိုပြီး ဖမ်းသွားတာပါ။ ရှေ့နေ မစံပယ်က အာဏာသိမ်းတုန်းက ဖမ်းဆီးခံရတဲ့သူတွေကို ရှေ့နေခမယူဘဲ လိုက်ပေးခဲ့တာပါ” လို့ ပြောပါတယ်။
ဖမ်ဆီးခံရတဲ့ ရှေ့နေ မစံပယ်နဲ့ ဦးကျော်ဝင်းခိုင်တို့ကို တပ်မ ၄၄ ခြေမြန်တပ်ရင်း ဌာနချုပ်မှာ ရှိတဲ့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်တယောက်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားတဲ့အပြင် ဒေသခံ ၇ ယောက်ထက် မနည်းကိုလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခဲ့ပါတယ်။