Home
မြန်မာသတင်း
စေတုတ္တရာ၊ ပွင့်ဖြူ၊ ရေကြည်နှင့် ငါးသိုင်းချောင်း၌ ဒေသခံများစစ်ဘေးရှောင်၊ မြန်အောင်တွင် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
August 19, 2024

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်အစပ်ကို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံပြည်သူ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၆၀ က ဩဂုတ် ၁၇ ရက် မနက်ပိုင်းကစပြီး စေတုတ္တရာမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

စစ်ကြောင်းကြောင့် ပွင့်ဖြူမြို့နယ်ထဲက ရေယာဉ်၊ စေတုတ္တရာမြို့နယ်ထဲက မုံညှင်း၊ ခိုနန်း၊ ဝန်လို စတဲ့ကျေးရွာ ၄ ရွာက ပြည်သူ ၂,၀၀၀ ကျော် အရေးပေါ် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေဟာ တောတောင်ထဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ကြရတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်အကူအညီပေးသူတဦးက “တောတွေထဲ ထွက်ပြေးကြရတာပေါ့၊ လောလောဆယ် တပ်ရင်းနဲ့ ပကဖ ပူပေါင်းပြီး လုပ်ပေးနေရတယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ မိုးကာတွေ လိုအပ်နေတယ်။ မိုးကလည်း ဆက်တိုက်ဆိုသလို ရွာနေတော့ စစ်ဘေးရှောင်တွေ ပိုခက်ခဲနေတယ်။ လက်ရှိအချိန်ထိတော့ စစ်ကြောင်းက ပြန်မဆုတ်သေးဘူး။ ဘယ်ရောက်သွားသလဲ ဆိုတာတော့ အတည်အကျ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကြောင်းစထွက်လာတဲ့ ဩဂုတ် ၁၇ ရက် မနက် ၅ နာရီမှာလည်း စေတုတ္တရာမြို့နယ် ဝန်လိုရွာနားမှာ ပွင့်ဖြူ-PDF နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးဖော်ဆောင်လာနိုင်တဲ့အတွက် ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ ရဲစခန်းအနီးမှာ နေထိုင်တဲ့ ပြည်သူတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ မင်းဘူးခရိုင်အမှတ်-၇ တပ်ရင်း ပွင့်ဖြူ PDF က ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်နဲ့ ငါးသိုင်းချောင်းနယ်မှာလည်း စစ်ကောင်စီတပ်က သြဂုတ် ၁၅ ရက်ကနေ ဒီနေ့ ၁၉ ရက်အထိ စတင် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ငါးသိုင်းချောင်း ဒေသခံတဦးက “တနေ့ ၃ ကြိမ်လောက်အထိကို စစ်ကြောင်းထိုးနေတာ။ စစ်ကောင်စီတပ် အင်အားက မနည်းဘူး။ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ဂွမြို့အနီးက ငါးသိုင်းချောင်းမြို့ရဲ့ တောစပ်မှာ အထိုင်ချထားတဲ့သဘော ရှိတယ်။ တိုက်ပွဲအတွေ့အကြုံကို မခံစားဘူးတဲ့ ဒေသခံတွေ အများစုက ကြောက်ပြီး ရှောင်ပြေးနေရတာ။ သူတို့က ဒီနေရာဆို ကိုယ်က ဟိုနေရာ ပြောင်းနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၄၀ နဲ့ ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ရေကြည်၊ ငါးသိုင်းချောင်းက တောတွေထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်အလုပ်တွေပါ ကောင်းကောင်းမလုပ်ရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်ကလည်း “အခုရက်ထဲ ခပ်စိပ်စိပ်ကို ခတ်နေတာ။ သူတို့ ရမ်းသန်းလျှောက်ပစ်နေတဲ့ နေရာတွေက ဒီကဒေသခံတွေ အများစု ထင်းခွေ၊ သားငါးရှာစား၊ လယ်ယာလုပ်နေတဲ့ နေရာတွေလေ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဘယ်သူက သွားရဲမလဲ။ ဒီလိုပဲလုပ်နေရင် ဘယ်လွယ်မလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အခုလို မကြာခဏ စစ်ကြောင်းထိုးနေတာဟာ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်လာမှာကို စိုးရိမ်ပြီး လုပ်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ဂွမြို့ကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ပြီး အဲဒီကတဆင့် မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ သာပေါင်း၊ ရေကြည်ဒေသတွေကို ထိုးဖောက်ကာ စီးပွားရေးအတွက် အချက်အချာကျတဲ့ ရန်ကုန်ကိုပါ တိုက်ပွဲဖော်ဆောင်လာဖွယ်ရှိတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သုံးသပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ကြံခင်းနဲ့ မြန်အောင် စတဲ့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဒေသခံ အရပ်သား ၂၅ ယောက်ထက် မနည်းကို ဖမ်းဆီး စစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာတော့ အမျိုးသမီးတယောက်ကို လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ကို မဟုတ်မမှန်တာတွေ ရေးသားဝေဖန်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူမှာ မြန်အောင်မြို့ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ မနန္ဒာ (ခ) မိဝဲ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ စာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့အတွက်ဆိုကာ သြဂုတ် ၁၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “လူမှုကွန်ရက်ပေါ်မှာ မဟုတ်တာတွေ ရေးတယ်ပေါ့။ နိုင်ငံတော်ကို ပုန်ကန်တဲ့စာတွေ ရေးလို့ စစ်ဆေးဖို့ ဖမ်းတာဆိုပြီး ပြောဖမ်းသွားတာ။ သူက ၅ ရပ်ကွက်ထဲမှာ နေတာပါ” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ မြို့သိမ်း တိုက်ပွဲတွေ စိပ်လာတာ ကောင်းတယ်ပေါ့။ တော်လှန်ရေးတပ်တွေကို ထောက်ခံတယ်ပေါ့၊ အဲ့လိုအကြောင်း လူမှုကွန်ရက်ပေါ် ထောက်ခံရေးသားတာကြောင့် ဖမ်းတာလို့ သိရတယ်။ အမျိုးသမီးက အခု ရဲစခန်းမှာပါ။ ဒီနေ့ အမှုဖွင့်တော့မယ်လို့ သိရတယ်” လို့ ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ မနန္ဒာ (ခ) မိဝဲကို မြန်အောင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒပုဒ်မ ၅၂(က)၊ ၅၀၅(က) နဲ့ အိီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတွေနဲ့ပါ တရားစွဲဆို အမှုဖွင့်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေက အခုရက်ပိုင်းထဲ မြန်အောင်မြို့နယ်ရဲ့ အဝင်အထွက် နေရာတွေနဲ့ သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024