Home
မြန်မာသတင်း
မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်စခန်း ၃ ခုကို AA သိမ်းပိုက်
DVB
·
August 19, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး မြို့တွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုထက်မနည်းကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ အာရက္ခတပ်တော် (AA) က ဩဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့တွင်းတိုက်ပွဲ စတင်တဲ့ ဩဂုတ် ၄ ရက်မှာ မြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ မောင်နီရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီရဲ့ တပ်စခန်းကို သြဂုတ် ၆ ရက်မှာ သိမ်းပိုက်ရယူနိုင်ခဲ့သလို မောင်တောမြို့၊ ၃ မိုင်ကိုလည်း ဇူလိုင် ၉ ရက်မှာ အသီးသီး သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်း ရိုဟင်ဂျာတွေက မောင်တောမြို့အတွင်းမှာ ခုခံစစ်တွေအဆင့်ဆင့် ပြင်ဆင်ထားပြီး မောင်တောမြို့ရဲ့ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ကညင်တန်းရပ်ကွက်တွေမှာ စစ်ရေးအရ အရေးပါတဲ့ အထပ်မြင့် အဆောက်အအုံတွေ၊ တိုက်တာအိုးအိမ်တွေ၊ စာသင်ကျောင်းတွေ အပါအဝင် တခြားနေရာအားလုံးကို သူတို့ရဲ့ စစ်စခန်းတွေအဖြစ် အသုံးပြုပြီး ခုခံနေတယ်လို့ AA က ပြောပါတယ်။

အာရက္ခတပ်တော်က မောင်တောမြို့ကို ကာလတန်ကြာ ဝန်းရံပိတ်ဆို့ထားပြီး မြို့တွင်းတိုက်ပွဲ အရှိန်အဟုန်မြှင့်တင်ခဲ့တဲ့ ဩဂုတ် ၄ ရက်က မြို့တွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်း ရိုဟင်ဂျာတွေက လူသားဒိုင်းကာအဖြစ် အသုံးပြုထားတဲ့ မြို့ခံ ၂၀,၀၀၀ နီးပါးကို ကယ်ထုတ်ထားပြီး အဲဒီအထဲမှာ နိုင်ငံတကာအဖွဲ့အစည်းတချို့ရဲ့ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက်ကလည်း မောင်တောမြို့ အ.ထ.က ၂ ကျောင်းအနီးမှာ စစ်ကောင်စီရဲ့ စစ်သင်တန်းဆင်း ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး အဲဒီ စစ်ကောင်စီပူးပေါင်း ရိုဟင်ဂျာတွေက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၆ ရက်မှာလည်း မောင်တောမြို့တွင်း၊ မောင်တောနာရီစင် အနီးပတ်ဝန်းကျင်၊ မောင်တောမြို့ရဲ့ အရှေ့တောင်ဘက်နဲ့ မောင်တောမြို့အဝင် နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းရိုဟင်ဂျာတွေရဲ့ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

လက်ရှိ မောင်တောမြို့သိမ်းတိုက်ပွဲ အတွင်းမှာ နယ်ခြားစောင့်ရဲတပ်ရင်း ၅ နဲ့ မြို့တွင်းနေရာ တချို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်း ရိုဟင်ဂျာတွေက ခုခံနေကြဆဲဖြစ်တယ်လို့ စစ်ဘေးတိမ်းရှောင်နေတဲ့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“မြို့တွင်းတိုက်ပွဲက ပြင်းထန်နေဆဲပဲ ရှိသေးတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေ နေ့တိုင်းပေးနေတယ်။ မြို့တွင်းမှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာတွေက ခုခံနေကြတယ်။ နခခ ၅ ဘက်ကလည်း မြို့တွင်းကို လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် မြို့တွင်း မီးလောင်မှုတွေ ရှိတယ်လို့လည်း ကြားတယ်။ အခြေအနေ အတိအကျ သိရဖို့ကတော့ ခက်ခဲတယ်။”

မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က ဇွန် ၁၆ ရက်ကတည်းက စတင်တိုက်ခိုက်နေတာဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ရင်း ၈ ခုရှိတဲ့အထဲက ရဲတပ်ရင်း ၇ ခုအထိ သိမ်းပိုက်ထားပြီး နခခ ၅ နဲ့ မြို့တွင်းနေရာတချို့လောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မောင်တောမြို့အတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်း ရိုဟင်ဂျာအဖွဲ့တွေက မြို့တွင်း လမ်းတံတား အားလုံးနီးပါးကို ဖျက်ဆီးထားပြီး ရွှေဇားတံတားတခုတည်းကိုသာ AA ဘက်က သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့အတူ စစ်သင်တန်းဆင်း ရိုဟင်ဂျာတွေ၊ ARSA, RSO, ARA စတဲ့ ရိုဟင်ဂျာအဖွဲ့တွေက အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြတာဖြစ်ပြီး နိုင်ငံတကာရောက် လူအခွင့်အရေးအရေခြုံ လူတချို့ကလည်း မောင်တောမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းတု၊ သတင်းမှားတွေကို ရေးသားပြောဆိုနေကြတယ်လို့ AA ဘက်က ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013