Home
မြန်မာသတင်း
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေ၊ လက်နက်ချသူ ၁၂၃ ဦးရှိ
DVB
·
August 18, 2024
Photo - ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ ၁၂၃ ယောက် ရှိပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၄ ရက်ကြာတိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဩဂုတ် ၁၈ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ညက တညလုံး စစ်တပ်က လေကြောင်းပစ်ကူတွေကို အလွန်အကျွံအသုံးပြု ခုခံကာကွယ်ခဲ့ပေမယ့် သူတို့လက်အောက်ခံ ၁၂၃ ဦးက အလံဖြူထောင် လက်နက်ချခဲ့တယ်။ စစ်သားနဲ့ ပျူတချို့ကတော့ ထွက်ပြေးသွားကြတယ်။ သေတာက ၂၀ ကျော်တယ်။ ဒီနေ့မနက်ပိုင်းမှာတော့ မြို့ကို အလုံးစုံ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သူတို့ဘက်က သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းအရေအတွက်ကတော့ စာရင်းပြုစုနေဆဲ ဖြစ်ပါတယ်ဗျ” လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့ကို လေကြောင်းကနေ ၂၄ နာရီအတွင်း လေကြောင်း တိုက်ခိုက်မှုအကြိမ် ၂၀ ကျော်မှာ ဗုံးသီးအလုံးရေ ၆၀ ကျော် ကြဲချခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီပဲယင်းမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ရေဦးမြို့ကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရေဦးမြို့နဲ့ ဒီပဲယင်းမြို့အကြားမှာ ကြားဖြတ် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မြို့သိမ်းတိုက်ပွဲအတွင်းက အလံဖြူထောင် လက်နက်ချသူ ၁၂၃ ဦးထဲမှာ ပျူစောထီး ၂ ဦး၊ Non CDM ဝန်ထမ်း ၄၁ ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် ၈၀ ဦး အပါအ၀င် စုစုပေါင်း ၁၂၃ ဦးကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးထားပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီပဲယင်းမြို့က ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရဲ့ကွပ်ကဲမှုနဲ့ ဒီပဲယင်း၊ ရေဦး၊ ဘုတလင်မြို့နယ်တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဒီပဲယင်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာရုံးတချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ပြီး ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ နေရာတွေကို တိုက်ခိုက်နေခဲ့ပြီးနောက် စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့နဲ့ အင်းတော်မြို့တို့ကိုလည်း သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024