Home
မြန်မာသတင်း
ဒီပဲယင်းတွင် တိုက်ပွဲပြင်းထန်၊ ငါန်းဇွန်မြို့နယ်၌ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရ
DVB
·
August 18, 2024
Photo - PDF တပ်ဖွဲ့၀င်တဦး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြို့ခံတဦးက “နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတယ်ဗျ။ စစ်တပ်က လေယာဥ်နဲ့ အဆက်မပြတ် ဗုံးကြဲနေလို့ မြို့ခံတွေတော်တော်များများလည်း စစ်ဘေးရှောင်သွားကုန်ပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီပဲယင်းမြို့က ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ် ၁၅ ရက်ကစတင်ပြီး ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ နေရာတွေကို တိုက်ခိုက်နေတာဖြစ်ပြီး သြဂုတ် ၁၇ ရက် ညနေပိုင်းအထိ  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စစ်ဆင်ရေးတာ၀န်ခံက “လက်နက်ချဖို့ အရင်ညှိတယ်။ တချို့စစ်သား၊ ရဲနဲ့ ပျူတချို့တော့ လက်နက်ချကြတယ်။ လက်နက်မချသေးတဲ့ သူတွေလည်း ကျန်နေသေးတယ်။ သူတို့နဲ့ ဆက်တိုက်နေတာ။ ဒီပွဲကတော့ ပြင်းထန်နေဆဲပဲ။ သူတို့ဘက် မြေပြင်စစ်ကူ မလာနိုင်အောင်လည်း မြို့အ၀င်လမ်းတွေကို ပိတ်ဆို့ထားတော့ စစ်တပ်ဘက်က လေယာဥ်နဲ့ပစ်ရုံတင်မကဘဲ ဗုံးတွေပါ ကြဲနေတယ်။ ၂၄ နာရီအတွင်း ဗုံးအလုံး ၆၀ နီးပါးချတယ်။ ပေါင် ၅၀၀ တွေလည်း ပါတယ်”လို့ ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း သေဆုံးဒဏ်ရာရသူတွေများသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးသူတွေ ရှိပေမဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ ဒီပဲယင်းမြို့ကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဒီပဲယင်း၊ ရေဦး၊ ဘုတလင်မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့နဲ့ အင်းတော်မြို့တွေကိုလည်း သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာလည်း  သြဂုတ် ၁၆ ရက်တရက်တည်းမှာ စစ်ကောင်စီတပ်စခန်း ၂ ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြတယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ​ပြန်ကြားရေးတာ၀န်ခံတဦးက “မနက်ပိုင်းမှာ စစ်သား ၃၀ လောက် တပ်စွဲနေတဲ့ မြို့သာစက်မှုဇုန်ထဲက အထိုင်စခန်းကို တိုက်ခိုက်ခဲ့တာပါ။ လက်နက်တွေ ကောက်မယ်လုပ်တော့ သူတို့ဘက်က စစ်ကူတွေရောက်တာနဲ့ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

မြို့သာစက်မှုဇုန် စစ်ကောင်စီတပ်အထိုင်စခန်း တိုက်ခိုက်မှုကို သြဂုတ် ၁၆ ရက် မနက် ၇ နာရီ၀န်းကျင်က စတင်ခဲ့ပြီး တိုက်ခိုက်ချိန် ၁ နာရီနီးပါးကြာမြင့်ကာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးသလို အများအပြားဒဏ်ရာရရှိသွားကြတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ မြင်းခြံ 35 ပြောက်ကျား တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နဲ့အတူ ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ် ပါတယ်။

ဩဂုတ် ၁၆ ရက် ညနေ ၃ နာရီ၀န်းကျင်မှာလည်း ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာက စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ​စစ်ဆင်ရေးတာ၀န်ခံက “ငါန်းဇွန်-ငါန်းမြာ ကားလမ်းပိုင်းပေါ်က တောင်ရွာဘိုရွာက စစ်သားအင်အားများတဲ့ တပ်စခန်းကို ဒရုန်းတွေနဲ့ ဗုံးကြဲလိုက်ပြီး စခန်းထဲက ထွက်ပြေးလာတဲ့ကောင်တွေကို မီတာ ၁၀၀ အတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ချိန်ကတော့ နာရီ၀က်လောက်ပဲ ကြာတယ်ဗျ။ ကျနော်တို့မျက်မြင် ၃၀ နီးပါးသေပြီး ဒဏ်ရာရတဲ့ကောင်တွေက အော်ဟစ်နေတယ်”လို့  ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကို မင်းကျီကျေးရွာ၊ ဖောင်းကတောကျေးရွာ တောလမ်းအတိုင်း စစ်ကောင်စီတပ်ဘက်က စစ်ကူတွေ ကား ၃ စီးနဲ့ ရောက်ရှိလာတဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို စစ်ကူရောက်လာတဲ့ မော်တော်ယာဥ် ၃ စီးနဲ့ မြင်းခြံမြို့ဘက်ကို သယ်ယူသွားကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

တောင်ရွာဘိုကျေးရွာ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်-ပကဖနဲ့ အတူ TGYR-Youth Guerrilla Counter Revolution-NZ (ငါန်းဇွန်)၊ 925 ပြောက်ကျားတပ်ဖွဲ့၊ Wings OF KSU၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa၊ မန္တလေးခရိုင် တပ်ရင်း ၅၊ ဇေယျာရွှေမြေပြောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ကျား- ပြောက်ကျားတပ်ဖွဲ့အပါအ၀င် အားမာန်သစ်- ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့ကြတာပါ။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013