Home
မြန်မာသတင်း
နွားထိုးကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃၀ ကျော်သေဆုံး၊ လက်နက်ကြီးကြောင့် မုံရွာ ထနောင်းတောတောင်ဈေး ယာယီပိတ် 
DVB
·
August 15, 2024

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးကာ ၃ ဦး အရှင်ဖမ်းဆီးမိပြီး လက်နက်မျိုးစုံ ၂၇ လက် သိမ်းဆည်းရရှိ​ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ မြို့အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားပြီလို့ နွားထိုးကြီး (ပကဖ) ဆီကနေ သိရပါတယ်။

နွားထိုးကြီး (ပကဖ) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မြို့ပေါ်က နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ စစ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို ၀င်တိုက်ခဲ့တာပါ။ သူတို့ဘက်က သေတာကတော့ ၃၀ ကျော်ပါတယ်။ သုံ့ပန်း ၃ ကောင်ကိုလည်း အရှင်ဖမ်းမိထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်နက်တွေအနေနဲ့ကတော့ မျိုးစုံပေါ့။ စုစုပေါင်း ၂၇ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်က စစ်တပ်သားတွေ တပ်စွဲနေတဲ့ ထွေအုပ်ရုံး၊ တရားရုံး၊ ဆောက်လုပ်ရေးရုံး၊ ရဲစခန်း၊ အေးကျောင်းနဲ့ မြို့အ၀င်အရှေ့ဘက်ဂိတ်တွေကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ဩဂုတ် ၁၀ ရက် မနက် ၅ နာရီခွဲ၀န်းကျင်ကနေ စတင်ပြီး စစ်ကြောင်း  ၅  ကြောင်းခွဲကာ တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နွားထိုးကြီး (ပကဖ) ရဲ့ တာ၀န်ရှိသူတဦးက “စစ်တပ်ဘက်က လေကြောင်းကနေ အလွန်အကျွံ ပစ်ခတ်နေတဲ့အတွက် မြို့သိမ်းအဆင့်အထိ မရောက်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ကြတာပါ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက တပ်ခွဲမှူးအဆင့်ရှိသူ ကိုသွန်းထက် ကျဆုံးခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း (NRDF)၊ နွားထိုးကြီးမြို့နယ် (ပကဖ)၊ တံတားဦးမြိုနယ် (ပကဖ)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ (MDDS) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နွားထိုးကြီးမြို့ခံတဦးက “မြို့ပေါ်ကနေ PDF တွေ ပြန်ထွက်သွားကြတော့ စစ်သားတွေ ရောက်လာတယ်။ ဒါပေမဲ့လည်း ဌာနဆိုင်ရာရုံးတွေက ၀န်ထမ်းတွေကတော့ ထွက်ပြေးကုန်ပြီ။ ရုံးမတက်ကြတော့ဘူး။ ရုံးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းကုန်သလို သူတို့စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်း ရပ်ဆိုင်းကုန်ပြီ။ အစိုးရဘဏ်ကအစ ပုဂ္ဂလိကဘဏ်တွေအားလုံးလည်း ပိတ်ကုန်ပြီ။ ကျနော်တို့သိရသလောက်တော့ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ တောင်သာမြို့တွေမှာ စစ်ကောင်စီယန္တရားအားလုံး ရပ်ဆိုင်းသွားပြီ” လို့ ပြောပါတယ်။

စစ်ရေးအရှိန်မြင့်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတိနဲ့သွားလာကြဖို့၊ စစ်ဆင်ရေးကာလအတွင်း မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းနဲ့  မြင်းခြံ-တောင်သာလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ဒေသတွင်းပြည်သူ့ကာ​ကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် ကျေးရွာတွေကနေ စျေးလာရောင်းသူတချို့ အခက်တွေ့နေရတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၃ ရက် မနက် ၁၀ နာရီက မုံရွာမြို့အဝင် မအူဂိတ်က ပစ်ခတ်တဲ့ ၆၀ မမ လက်နက်ကြီးက ထနောင်းတောတောင်ရွာက စျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ စျေးရောင်းစျေးဝယ်သူ ၁၁ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပြီးနောက် စျေးသည် ၂၀၀ နီးပါး စျေးရောင်းချတဲ့ ထနောင်းတောရွာစျေးကို ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးဝန်းကျင်ကျေးရွာတွေက ရာသီပေါ်သီးနှံ စိုက်ပျိုးသူတွေဟာ ထနှောင်းတောစျေးမှာ အဓိက ရောင်းချပြီး စျေးပိတ်ထားတဲ့အတွက် အခက်ကြုံနေရသလို လက်နက်ကြီး အန္တရာယ်ကြောင့် မုံရွာမြို့ပေါ်က စျေးတွေမှာလည်း သွားမရောင်းရဲကြဘူးလို့ ဆိုပါတယ်။

မုံရွာဒေသခံတဦးက “ထနောင်းတော တောင်ရွာစျေးကတော့ ရှင်းနေတယ်၊ အကုန်ပိတ်ထားတာ၊ ဒီနားမှာ အစည်ဆုံးစျေးက ဒီတစျေးပဲရှိတာ၊ သွားရဲတဲ့သူတွေကတော့ မုံရွာတက်ပြီး စျေးဝယ်ကြတာ၊ ဒီနားရွာတွေက ကိုယ့်ခြံကထွက်တဲ့ အသီးအနှံလေးတွေ လာရောင်းကြတာပါ၊ တချို့ကတော့ မုံရွာမြို့ထဲ သွားရောင်းကြတာ၊ ကြောက်တဲ့သူကတော့ မသွားရဲဘူး၊ လက်နက်ကြီးကျထားတဲ့ အရှိန်နဲ့ စျေးသည်တွေကလည်း မရောင်းရဲတော့ဘူး” လို့ ပြောပါတယ်။

မုံရွာမြို့အဝင် မအူဂိတ်နဲ့ မုံရွာအိုးရှင်းက စစ်ကောင်စီတပ်သားတွေဟာ မုံရွာမြို့ အနီးဝန်းကျင်နဲ့ ချင်းတွင်းမြစ်တဖက်ကမ်း ဆားလင်းကြီးမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ပစ်ခတ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024