ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၃ ရက်နေ့ နေ့လယ် ၁ နာရီ ၅၀ အချိန်မှာ ကန်ပက်လက်မြို့နယ် ဆတ်ချောက်အုပ်စု ဆတ်ချောက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တာပါ။
ဗုံးထိမှန်မှုကြောင့် အသက် ၂ နှစ်အရွယ် မောင်ထန်းမနားနဲ့ အသက် ၅၀ အရွယ် ဒေါ် လိုင်းလှေ့တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၅ လအရွယ် ကလေး ၁ ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးကတော့ စိုးရိမ်စရာ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့က ၁ နာရီ ၅၀ လောက်မှာ ဆတ်ချောက်အုပ်စုကို လာကြဲသွားတယ်။ အသက် ၂ နှစ်ကျော် ကလေး ၁ ယောက်၊ အသက် ၅၀ အရွယ် မိန်းမကြီးတယောက် ဆုံးသွားတယ်၊ ပြင်းထန်ဒဏ်ရာ ၃ ယောက်မှာ အသက် ၅၀ ကျော်အမျိုးသမီး ၁ ဦး၊ ၁၄ နှစ်အရွယ် ယောကျ်ားလေးရယ်၊ ၅ လအရွယ် မိန်းကလေး ၁ ယောက်ရယ်ပေါ့နော်၊ ဒဏ်ရာမပြင်းထန်တာက ယောကျ်ားလေး ၁ ယောက်ပေါ့၊ ရွာထဲကျတာ နေအိမ် ၄ လုံးက လုံးဝပျက်စီးသွားတယ်၊ ၂ လုံးကတော့ တစိတ်တပိုင်း ပျက်စီးပါတယ်” လို့ ပြောပါတယ်။
ကန်ပက်လက်မြို့ထဲနဲ့ မိုင် ၆၀ လောက်ဝေးတဲ့ ဆတ်ချောက်ရွာမှာ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံတွေ တောတောင်ထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။