စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ဩဂုတ် ၁၆ ရက် မနက် ၉ နာရီက ဗုံး ၃ လုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံပြည်သူတဦးက “လေယာဉ်နဲ့ လာလာချင်း တလုံးကြဲချပြီး ဒီပဲယင်း အရှေ့ခြမ်းကို ပျံသွားတယ်။ အဲဒီအရှေ့ခြမ်းကနေ ပြန်ပတ်လာပြီး နောက်ထပ် ၂ လုံး ကြဲချတယ်။ စုစုပေါင်း ၃ လုံးပါဗျ။ ဗုံးအချခံရတဲ့ ရပ်ကွက်တွေက မြို့မရပ်ကွက်၊ အလယ်တောရပ်ကွက်၊ သောင်ပြင်ရပ်ကွက်တွေကို ကြဲချခဲ့တာပါဗျ။ သောင်ပြင်ရပ်ကွက်ကတော့ ဒေါ်ဆွေဝင်း အိမ်ပေါ်ကို တည့်တည့်ကျတယ်ဗျ။ အိမ်ကတော့ ပျက်စီးတယ်။ မြို့ထဲက ရပ်ကွက် ၂ ခုကတော့ ရဲစခန်းနဲ့လည်းနီးတော့ အပျက်အစီး အထိအခိုက် မသိရသေးဘူး” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ ထွက်လာပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတခုနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ဒီပဲယင်းမြို့မရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီကနေ တိုက်ပွဲဖြစ်နေကြတာဗျ။ တိုက်ပွဲက ဒီနေ့ ဩဂုတ်လ ၁၆ ရက်အထိ တိုက်ပွဲက မပြီးသေးဘူး။ နောက်ပြီး ရေဦးတိုင်းရင်းဆေးရုံကနေ စစ်ကူလာပေးနေတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ ဖြတ်တောက်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်ဗျ။ အဲလိုတိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ပစ်ကူပြီး စစ်ကူလာပေးတာလို့ပဲ ထင်တယ်ဗျ။ အခုအချိန်အထိတော့ နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် အထိအခိုက် အကျအဆုံး သတင်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းက လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က ၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်လို့ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့သလို ပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။