Home
မြန်မာသတင်း
ကန်ပက်လက်နှင့်တနင်္သာရီတွင် စစ်တပ်ဗုံးကြဲသဖြင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
DVB
·
August 16, 2024
Photo Crd-ကန်ပက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Photo Crd-ကန်ပက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်ရေးနယ်မြေက ဆတ်ခြောက်ကျေးရွာကို ဩဂုတ် ၁၃ ရက်၊ နေ့လယ် ၂ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေ​ယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိတယ်လို့ ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အကြမ်းဖက်တဲ့ စစ်တပ်က ကျနော်တို့ တိုင်းရင်းသားတွေအပေါ်မှာ အရမ်းကြီးပစ်မှတ်ထား တိုက်ခိုက်နေတယ်။ အခုလည်း ဆတ်ခြောက်ရွာကို လေယာဥ်နဲ့ အကြောင်းမဲ့ဗုံးကြဲသွားတယ်။ တကယ်တမ်းက စာသင်ကျောင်းကိုကြဲတာပါ။ စာသင်ကျောင်းကိုမထိဘဲ ဘေးနားက လူနေအိမ်တွေပေါ်ကို ကျတာ။” 

စစ်ကောင်စီတပ် လေယာဥ်နဲ့ဗုံးကြဲချခဲ့တာကြောင့် ဆတ်ခြောက်ကျေးရွာက အသက် ၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရသလို အသက် ၆ လအရွယ်နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြတယ်လို့ ဆိုပါတယ်။

“ဒီရွာနားပတ်ချာလည်မှာ တိုက်ပွဲဖြစ်တာမရှိဘူး၊ သက်သက်မဲ့ဗုံးလာကြဲသွားတာ။ ပေါင် ၅၀၀ ဗုံးဖြစ်ဖို့ များပါတယ်။ ပျက်စီးသွားတဲ့ အိမ် ၆ လုံးထဲက အိမ် ၄ လုံးက လုံး၀ပျက်စီးသွားတယ်။ ၂ လုံးကတော့ အနည်းငယ်လောက်ပါပဲ” လို့ ကန်ပက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

အိမ်ခြေ ၅၀ ၀န်းကျင်သာရှိတဲ့ ဆက်ခြောက်ကျေးရွာက ဒေသခံ ၂၀၀ ၀န်းကျင်ဟာ စစ်ကောင်စီတပ် လေကြောင်းကနေ နောက်တကြိမ် ဗုံးလာကြဲမှာကိုစိုးရိမ်ကြတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းနဲ့ အများပြည်သူစုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာ​ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ကို ပစ်မှတ်ထား ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဆင်ခေါင်းရွာ စာသင်ကျောင်းကို k-8W ဂျက်ဖိုက်တာလေယောဥ်နဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့သလို ပွိုင့်ဖိုက်စက်သေနတ်အမျိုးအစားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ ကတဆက်တည်းမှာပဲ့ ဂဏန်းကွင်းကျေးရွာကို အဆိုပါ K-8W ဂျက်ဖိုက်တာလေယာဥ်နဲ့ လူနေအိမ်တွေအပေါ် ဗုံးသီး ၂လုံး လာရောက်ကြဲသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“အခုက ဆင်ခေါင်းကျေးရွာ စာသင်ကျောင်းမာပါသတင်းရထားလို့ လာကြဲတာမျိုးဖြစ်မယ်။ ဆင်ခေါင်းမှာက ဗုံးသီး ၂ လုံးနဲ့ ပွိုင့်ဖိုက်တွေပါ လာပစ်သွားတယ်။ ကျောင်းက အာဏာသိမ်းပြီးကတည်းက ပိတ်ထားတာပါ။” 

ဗုံးကြဲတိုက်ခိုက်တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ ဆင်ခေါင်းရွာစာသင်ကျောင်းဝင်းထဲက ခြံစည်းရိုးအုတ်နံရံ ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်တချို့ ကျိုးပဲ့ခဲ့တယ်လို့ ဒီဗွီဘီကရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

ဒိမတိုင်ခင် သြဂုတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာလည်း ခြောက်မိုင်ရွာနဲ့ ထုံတော်ရွာတွေကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးသီး ၁၀ လုံးခန့် ကြဲချသွားခဲ့ပြီး ရာဘာခြံထဲက အပင်တွေနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲလာတဲ့အပေါ်မှာ မြိတ်ခရိုင်စစ်ကြောင်း ၁ ရဲ့ ပြန်ကြားရေး တာဝန်ခံက “သူတို့ဘက်က သူတို့တပ်ရင်းတွေကို ဝင်သိမ်းမှာကြောက်လို့ ကြိုကာကွယ်တဲ့ သဘောဖြစ်နိုင်သလို ထိုးစစ်ဆင်မယ့် အနေအထားလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

အခုနှစ်ဩဂုတ် ၇ ရက်ကလည်း ဆင်ခေါင်းရွာနဲ့ ဂဏန်းကွင်းကို စစ်တပ်က Mi-2 ရဟတ်ယာဉ်နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ရွာတွေပေါ် ပစ်မှတ်ထား တိုက်ခိုက်လာတာက ပြည်သူတွေကို အကြောက်တရား ထည့်သွင်းလာတာလည်းဖြစ်နိုင်သလို စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်ကို ထိုးစစ်ဆင်ဖို့အတွက် လုပ်ဆောင်တာလည်းဖြစ်နိင်တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013