ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပန်အောင်ရွာ ခြံတောင်ယာကွင်းမှာ သြဂုတ် ၁၄ ရက်က စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ထံမှ သိရပါတယ်။
လက်နက်ကြီးထိမှန်တာကြောင့် အသက် ၄၀ အရွယ် မွိုးစွန် သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ခွန်မောင်ပေး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး၊ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာလည်း မဟုတ်ဘူး၊ အဲဒါကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးပစ်လာလို့ ရွာထဲကျတာ။ အဲဒီမှာ တောင်ယာသွားနေတဲ့ သူတို့သားအမိကို ထိတာပဲ” လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ဒေသခံတွေ အကြောင်းကြားလာမှုကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ပြီး ဆေးဝါးကုသပေးနေတယ်လို့ ပြောပါတယ်။
ခွန်ရိန်းယံက “ပအိုဝ်းကျေးရွာ ပအိုဝ်းပြည်သူတွေကို တိုက်ခိုက်နေတာ။ ဒေသခံတွေ အရပ်သားတွေကို စစ်ရေးအဖြစ် သတ်မှတ်ပြီး ပြည်သူကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်နေတာ၊ စစ်ကောင်စီနဲ့အတူ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေလည်း အဲဒီလိုမျိုးပဲပေါ့နော်။ ကိုယ့်ပအိုဝ်းပြည်သူကို ဘယ်လိုစိတ်နဲ့များ စစ်ကောင်စီနဲ့အတူတူ လိုက်ပါပြီးတော့ သတ်ဖြတ်နေတာကတော့ နားမလည်နိုင်အောင် ဖြစ်နေရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က တမင်သက်သက် ပအိုဝ်းကျေးရွာတွေက ဒေသခံ ပြည်သူလူထုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ဒေသခံ ပြည်သူလူထုအနေနဲ့လည်း နေထိုင်သွားလာတာကို သတိထားဖို့ PNLA က သတိပေး တိုက်တွန်းထားပါတယ်။
သြဂုတ် ၇ ရက်မှာလည်း ဆီဆိုင်မြို့အရှေ့ဘက် ရွာတွေမှာ စစ်ကောင်စီတက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဆယ်ကျော်သက် စစ်ရှောင်အမျိုးသမီး ၂ ဦး ထိမှန်ပြီး သေဆုံးခဲ့သေးတယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ တနင်္သာရီမြို့နယ်မှာလည်း သြဂုတ် ၁၄ ရက်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးသီး ၁၀ လုံးခန့် လာကြဲသွားတယ်လို့ ဒေသခံ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ခြောက်မိုင်ကျေးရွာကို မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ဂျက်ဖိုက်တာလေယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တဆက်တည်းမှာပဲ ထုံတော်ရွာကို မနက် ၁၀ နာရီ ၅၈ မိနစ်လောက်မှာလည်း ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
ဗုံးကြဲမှုအတွင်း အရပ်သားပြည်သူတဦးမှ ထိခိုက်ဒဏ်ရာ မရခဲ့ပေမဲ့ ၆ မိုင်ရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ရာဘာခြံထဲကို ဗုံးသီးတချို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေတော့ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
“ဂျက်ဖိုက်တာ အစိမ်းရောင်ပဲ တက်လာတာ။ နှစ်စီးမှာ တစီးပဲ ဗုံးသီးချသံကြားတယ်။ ၆ မိုင် ဘုန်းကြီးကျောင်းနောက် ရာဘာတောခြံမှာ ကျသွားတယ်၊ လူထိခိုက်တာတော့ မရှိဘူး။”
အဆိုပါနေ့ မနက် ၁၁ နာရီလောက်ကလည်း ညောင်ပင်ကွင်းရွာက စစ်ကောင်စီရဲ့ တံတားဂိတ်ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၁ ကနေ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့သေးပြီး ထိခိုက်သေဆုံးမှုတော့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ (စကစ) ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ ထုံတော်ရွာကိုလည်း လေကြောင်းနဲ့ စစ်သေနတ်တွေနဲ့ ပစ်ချခဲ့သေးတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ တောင်းယူထားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တနင်္သာရီမြို့နယ်ထဲကို သြဂုတ် ဒုတိယအပတ်လောက်ကစပြီး တပ်ရင်းတပ်ဖွဲ့တွေဆီကို ရိက္ခာဖြည့်တင်းတာတွေ ပိုလုပ်လာပြီး သာလွန်အင်အားတွေနဲ့ တမုတ်ချုံးရွာဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
သြဂုတ် ၁၄ ရက် မနက်ကလည်း ရမ်းဖိုရွာဘက်ကို အင်အား ၆၀ ကျော်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ခရီးသွားပြည်သူတွေမှာ အသွားအလာ သတိထားနေရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မော်တုန်းရွာခံတဦးက “မနေ့က ကမ်းတိုဘက်သွားတာမှာ ရမ်းဖိုရွာကို စစ်ကြောင်းရောက်နေလို့ အတင်း လှည့်ပြန်လာလိုက်ရတယ်” လို့ ပြောပါတယ်။
တနင်္သာရီမြစ်ရေ ပြန်ကျလာပြီးနောက် တိုက်ပွဲတွေ တဖန်ပြန်ပြင်းထန်လာတဲ့ မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းမကြီး ခရီးသွားလာခွင့်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အခုနှစ် သြဂုတ် ၁၂ ရက်ကစပြီး ယာယီကန့်သတ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ပြန်ဆုတ်ခွာချိန်မှာ အရပ်သားနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာနဲ့ ကူးတို့ကုန်းရွာကိုလည်း စစ်ကောင်စီတပ်က ဩဂုတ် ၁၄ ရက် နေ့ခင်း ၂ နာရီ ၂၀ မိနစ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ကျည်စထိမှန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က မုံရွာမြို့ဘက်အခြမ်း အိုးရှင်းစင်တာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို ပစ်တာ။ ပစ်တာက ၃ လုံးပစ်တာ။ ၁ လုံးက ကူးတို့ကုန်းရွာ အလယ်ကို ကျတယ်။ အဲရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ကျည်စထိမှန်ခဲ့တယ်ဗျ။ ကျည်စထိမှန်တာက ပေါင်ကိုထိမှန်တာ။ ကျည်စထိမှန်တဲ့သူကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်က ဆေးကုသဖို့ ကားနဲ့ခေါ်သွားပြီဗျ။ ပလောင်ရွာကတော့ ရွာရဲ့မြောက်ဘက်ကို တလုံးကျတယ်။ ရွာအလယ် ဖုန်းတာဝါတိုင်အနီး အိမ်ပေါ် တလုံးကျတယ်။ အဲဒီအိမ်ကလည်း လူမနေလို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူး။”
စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာနေကြတယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက “ပြည်သူကို သက်သက်ဒုက္ခပေးတာ၊ သတ္တိလည်းမရှိဘူး။ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့် သတ်ဖြတ်နေတာ။ အခုလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပြည်သူနေတဲ့ ရွာတွေဘက်ကိုပစ်လို့ အခုလို ပြည်သူတဦး ကျည်ထိမှန်ခဲ့တာဗျ။ အမည်က မအဲလေး အသက် ၃၀ ကျော်ပါ။ သူ့မှာက ကိုယ်ဝန်ကြီးလည်း ပါနေသေးတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၁၃ ရက်ကလည်း စစ်ကောင်စီတပ်က မုံရွာမြို့ အိုးရှင်းစင်တာကနေ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီး ပြည်သူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကလည်း အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပလောင်ရွာက ပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။