ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်မှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ ပြောင်းခင်း ဧက ၁၀၀၀ ကျော်ကို ပအိုဝ်းပြည်သူ့စစ် PNO က ပြန်ဖျက်ဆီးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု သြဂုတ်လပထမပတ်မှာ PNO က ပြောင်းပင်က ရှည်ပြီး မြင်ကွင်းတွေ ပိတ်နေသလို တော်လှန်ရေးအဖွဲ့တွေလည်း လာခိုနိုင်တယ်ပြောပြီး ဖျက်ဆီးခိုင်းတာလို့ ဆိုပါတယ်။
ပြောင်းခြံဖျက်ခိုင်းခံရတဲ့ တောင်သူတဦးက “တော်လှန်ရေးအဖွဲ့တွေ လာခိုနိုင်တယ်။ တိုက်ပွဲဖြစ်လာခဲ့ရင်လည်း ရွာသားတွေ ထွက်ပြေးတာ အဟန့်အတားဖြစ်နိုင်တယ်တဲ့ အဲဒါကြောင့် ဖျက်ခိုင်းတာ။ မစိုက်ခင် ဖျက်ခိုင်းပါလားနော်၊ ခုကျမှ လာဖျက်ခိုင်းတယ်။ အရင်းနှီးတွေ အရမ်းကြီးတယ်လေ။ စိတ်ဓာတ်ကျတာပေါ့ ကိုယ်ရဲ့ ဝမ်းရေးအတွက်ပဲ စိုက်ထားတာ။ ခုလို ပြန်ဖျက်ရတော့ တော်တော် မခံမရပ်နိုင်ဖြစ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ၊ ဇွန် ပြောင်းစိုက်ပျိုးချိန်မှာ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတဝိုက်သာ ပြောင်းစိုက်ပျိုးတာကို PNO က ခွင့်မပြုခဲ့တာဖြစ်ပြီး အခုသြဂုတ်လမှာမှ ယခင်က စိုက်ပျိုးခွင့်ပြုတဲ့ ကျေးရွာတွေပါ ပြန်ဖျက်ခိုင်းလို့ ဒေသခံတွေ အခက်အခဲကြုံတွေ့နေကြရပါတယ်။
ပင်လောင်းပြောင်းစိုက်တောင်သူတဦးက “ကျနော်တို့ဆို ပြောင်းပဲ စိုက်လာတယ်လေ။ မြေ ၁၀ ဧကကျော် စိုက်ထားတာ။ သူတို့ဖျက်ခိုင်းတဲ့ ဧရိယာထဲအကုန်ပါတယ်။ ဖျက်ခိုင်းတော့လည်း ဖျက်ရတာပေါ့။ ခုချိန် ဘာမှမတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
ဆီဆိုင်၊ ပင်လောင်းမြို့နယ်ဟာ ပအိုဝ်းပြည်သူ့စစ် PNO က ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ဒေသခံတွေရဲ့ မြေတွေကို မတရားသိမ်းတာ၊ ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။