အထူးဒေသ ၆ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်း၊ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်တို့က ဒေသခံပြည်သူတွေကို PNO ပြည်သူ့စစ်က ဆန်မှုန့်နဲ့ နဂါးရုပ် ပြုလုပ်ခိုင်းပြီး ယတြာချေ ပူဇော်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ပထမပတ်မှာ စတင်ပြုလုပ်ခိုင်တာဖြစ်ပြီး ပအိုဝ်းဒေသက အိမ်တိုင်းအိမ်တိုင်း ပြုလုပ်ရမယ်လို့လည်း PNO က စေခိုင်းတယ်လို့ ပြောပါတယ်။
ဒေသခံပအိုဝ်းတယောက်က “ဒါက ပအိုဝ်းအယူတခုပါ။ ခန္ဓာပျက်ရင်၊ နေမကောင်းရင် ယတြာချေတဲ့ ပုံစံပါ။ ဆန်မှုန့်ကိုရေနဲ့နယ်ပြီး နဂါးပုံစံ လုပ်ရတယ်။ ဘုရားစင်ပေါ်ထားပြီး ရှိခိုးခိုင်း၊ ထားခိုင်းတယ်။ ဩဂုတ် တလလုံး လုပ်ခိုင်းတယ်။ သူတို့ကစာထုတ်ပြီး ရွာဘက်ဆို အိမ်တိုင်းပေးတယ်။ အကုန်လည်း လုပ်ကြတယ်။ တချို့ရွာကျ မလုပ်လို့ မရဘူး။ ရွာသူကြီးက အိမ်တိုင်း လိုက်စစ်တယ်။ ဒါက ကိုယ့်ဒေသ ငြိမ်းချမ်းဖို့အတွက် လုပ်ခိုင်းတာမို့ အကုန်လုပ်ဖို့ သူတို့က မှာတယ်” လို့ ပြောပါတယ်။
နဂါးရုပ်တုအပြင် ငုံးဥပြုတ် ၁၁ လုံး၊ သံပုရာသီး ၁၁ လုံး၊ ကင်းပွန်းသီး ၁၁ လုံးကို ဖလားထဲ ထည့်ပြီး ဘုရားမှာလှူဖို့၊ ရွာတိုင်း အိမ်တိုင်း ပူဇော်ဖို့၊ နယ်ခြားနေရာ၊ ဂိတ်စောင့်နေရာတွေမှာ သမ္ဗုဒ္ဓေဂါထာ ၉ ခေါက်ရွတ်ပြီး ဆန်တဆုပ်ကြဲဖို့လည်း စေခိုင်းထားကြောင်း ဆိုပါတယ်။
ဒေသခံတယောက်က “PNO ရဲ့အယူက မင်အောင်လှိုင်နဲ့ တူသွားပြီ။ ပြည်သူလူထုကို တမျိုးပြီးတမျိုး ဒုက္ခပေးနေတာ။ သူတို့အာဏာတည်မြဲဖို့ လုပ်ခိုင်းတဲ့ ယတြာပဲလို့ ပြည်သူတွေ ပြောကြတယ်။ သူတို့ကို ကြောက်လို့သာ လုပ်ရတာ” လို့ ပြောပါတယ်။
PNO ဟာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး စစ်တပ်အတွက်လည်း တပ်သားသစ် အဓမ္မ စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။