Home
မြန်မာသတင်း
ပင်လောင်း-လွိုင်ကော်၊ ပင်လောင်း-နေပြည်တော် လမ်းမကြီးတွင် လမ်းကျွံ မြေပြိုနေ
DVB
·
August 4, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-လွိုင်ကော်၊ ပင်လောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီး နှစ်ခုပေါ်မှာ လမ်းကျွံကျပြီး မြေပြိုမှုတို့ နေရာ ၁၀ ခုထက်မနည်းမှာ မြေပြိုပြီး လမ်းကျွံကျနေတာကြောင့် သွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်လောင်းမှာ ဇူလိူင်လပထမပတ်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေလို့  နှစ် ၅၀ ကျော်အတွင်း စံချိန်တင် ရေကြီးခဲ့တဲ့အပြင် သြဂုတ် ၂ ရက်နေ့မနက်မှာ တောင်ပြိုတာ၊ လမ်းကျွံကျတာ နေရာ ၁၀ ခု ထက်မနည်း ဖြစ်ခဲ့တယ်လို့ပြောပါတယ်။

ပင်လောင်းဒေသခံတယောက်က “လွိုင်ကော် သွားနေတဲ့လမ်းပေါ် လက်ဖက်တောင်အဆင်းဆို မနေ့ည လမ်းကျွံကျတယ်။ ပေ ၅၀ အထိ ကျွံကျတာ။ မနက် ၅ နာရီလောက်က လမ်းကျွံနေတာ မသိကြတော့  ကားတစီး မြေကျွံတဲ့အထဲ ပြုတ်ကျသေးတယ်။ ကံကောင်းလို့ ကားပေါ်ပါသူ ဘာမှ မဖြစ်ဘူး။ နောက်ပြီး နေပြည်တော်-ပေါင်းလောင်း ဆင်းတဲ့ လမ်းတလျှောက်ဆိုလည်း တောင်တွေ လမ်းပေါ် ပြိုကျတာ ၄ နေရာ ၅ နေရာဖြစ်တယ်” လို့ ပြောပါတယ်။

အခုလို ရေကြီးတာ၊ မြေပြိုတာ၊ လမ်းကျွံကျတာတွေ ဖြစ်နေလို့ ပင်လောင်းမြို့ပေါ်နဲ့ ကျေးရွာဘက်တွေမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး တချို့ကျေးရွာတွေမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတဲ့အထိ ဖြစ်နေပြီလို့ ပြောပါတယ်။

ဒေသခံတယောက်က “တာဝန်ရှိသူအနေနဲ့ ပျက်စီးသွားတဲ့လမ်းကို မြန်မြန်ပြင်ပေးဖို့၊ လမ်းပေါ် မြေပြိုတာတွေ မြန်မြန် လာရှင်းပေးဖို့ပြောချင်တယ်။ မီးတိုင်လည်း လဲကျလို့ မီးပျက်တာလည်း တပတ်လောက်ရှိပြီ။ ဆိုင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဖုန်းအားသွင်းရတယ်။ ဝါလီးရွာဘက်ကစပြီး ပင်လောင်းတောင်ဘက်ရွာတွေ အကုန်လုံး မြို့ထဲကို လာလို့မရတော့ဘူး။ မြို့ထဲကလူ လာရင်လည်း မရတော့ဘူး။ တောလမ်းရှိပေမယ့် မိုးရာသီဆိုတော့ အန္တရာယ်ပိုများတယ်” လို့ ပြောပါတယ်။

ပင်လောင်းမှာ အခုလို ဆိုးဆိုးရွားရွား ရေကြီးတာ၊ မြေပြိုတာမျိုး မကြုံဖူးဘဲ အခုနှစ်မှ ပထမဆုံး ကြုံဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်လောင်း-ဖယ်ခုံနယ်စပ်မှာလည်း ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ အပါအဝင် PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲဖြစ်နေလို့ ဒေသခံနဲ့ စစ်ရှောင် ၅ သောင်းထက်မနည်း ဒုက္ခကြုံတွေ့ နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013