အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကဲရာလာပြည်နယ်၊ ဝါယာနဒ်ခရိုင်ထဲမှာ မိုးကြီးလို့ မြေပြိုလို့ သေဆုံးသူအရေအတွက် ၁၀၉ ဦးထက်မနည်းရှိလာပြီလို့ အာဏာပိုင်တွေက ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။
လူဒါဇင်ချီ ပျောက်နေပြီး ဆိုးရွားတဲ့ ရာသီဥတုက ရှာဖွေကယ်ဆယ်ရေး အားထုတ်ချက်တွေကို ရှုပ်ထွေးအောင် လုပ်သလို ဖြစ်နေလို့ သေဆုံးသူဦးရေ တိုးလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ခရိုင်အတွင်း ရေဘေးကြောင့် လူ ၁၇၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခရိုင်တရားသူကြီး မက်ဂါရှရီ ဒီအာရ်က ပြောပါတယ်။
အိန္ဒိယ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေနဲ့ ရဟတ်ယာဉ်တွေလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အင်္ဂါနေ့က လာရောက်ပူးပေါင်းပါတယ်။
မိုးဆက်ရွာနေလို့ တောင်ကုန်းထူတဲ့ ခရိုင်ထဲက ရွာတွေ အားလုံး ပျက်စီးခဲ့တာပါ။ ဒါဇင်ချီတဲ့ လူတွေ ပျောက်နေလို့ သေဆုံးသူဦးရေ တိုးလာဖို့ မျှော်လင့်ထားတယ်လို့ ဒေသခံ ကပ်ဘေးဆိုင်ရာ အရာရှိတွေနဲ့ ကဲရာလာပြည်နယ် အရပ်ဘက် အရာရှိတို့က ပြောပါတယ်။
အဝေးပြေးလမ်းတွေပေါ်မှာ ကျောက်တုံးတွေ၊ အမြစ်ကနေ ကျွတ်ထွက်နေတဲ့ သစ်ပင်တွေနဲ့ ပိတ်ဆို့နေပြီး ရထားလမ်းတွေကတော့ ရေမြုပ်နေပါတယ်။
ဒေသတွင်း ခရီးသွားလုပ်ငန်း အချက်အချာဖြစ်တဲ့ ဝါယာနာ့ဒ် ခရိုင်အတွင်း မြို့တွေ၊ ရွာတွေမှာ ရွှံ့ရေတွေ ဖြတ်စီးနေပါပြီ။
ရေဘေးသင့် သေဆုံးသူ မိသားစုတွေကို ဒေါ်လာ ၂,၄၀၀ စီ၊ ရေကြီးမြေပြိုလို့ ဒဏ်ရာရသူတွေကို ဒေါ်လာ ၆၀၀ စီ လျော်ကြေးပေးဖို့ အတိုက်အခံခေါင်းဆောင် ရာဟူး ဂန္ဒီက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဇွန်လကနေ စက်တင်ဘာလအတွင်း မုတ်သုံရာသီမှာ ကဲလာရာပြည်နယ်အတွင်း ရေကြီးတာဟာ ဖြစ်နေကြပါ။
ပြည်နယ်အတွင်း ဝါယာနာ့ဒ်ခရိုင်နဲ့ အနီးဝန်းကျင် ခရိုင် ၃ ခုမှာ မိုးဆက်ရွာမယ်လို့ ခန့်မှန်းထားကြောင်း အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။
Source-Reuters