ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လောက်လေးချောင်းကျေးရွာအုပ်စုမှာ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
လောက်လေးချောင်းကျေးရွာမှာ ဇူလိုင် ၂၈ ရက် နေ့လယ် ၂ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သွပ်မိုးပျဥ်ကာ နေအိမ် ၂ လုံး၊ ခြောက်အိမ်တန်းကျေးရွာက သွပ်မိုးပျဥ်ကာ နေအိမ် ၂ လုံးနဲ့ ကွေ့ကြီးကျေးရွာက သွပ်မိုးပျဥ်ကာ နေအိမ် ၄ လုံးတို့ ပျက်စီးခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“မနေ့ကတိုက်တဲ့ လေဆင်နှာမောင်းကြောင့် သွပ်မိုးပျဥ်ကာအိမ်တွေပဲ ပျက်စီးသွားတာ။ ရွာထဲက နေရာတချို့ကို ကွက်ပြီး တိုက်သွားတာ။ လူနဲ့တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ လောလောဆယ် နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ရွှေ့ပြောင်းနေနေကြပါတယ်။”
အလားတူ ဇူလိုင် ၂၆ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနဲ့ ညောင်နီကုန်းကျေးရွာတွေမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၇၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတာကြောင့် နေအိမ် ၈ လုံး ပျက်စီးခဲ့သလို ရပ်ကွက်ချင်းဆက်လမ်းတွေလည်း မြေပြိုမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတောင်ကြီးမြို့နယ်မှာ ဇူလိုင် ၂၇ ရက် ည ၇ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတာကြောင့် အမှတ် ၁ ရပ်ကွက်မှာ နေအိမ် ၄ လုံး၊ အမှတ် ၂ ရပ်ကွက်မှာ နေအိမ်တလုံး၊ အမှတ် ၃ ရပ်ကွက်မှာ နေအိမ် ၂ လုံးနဲ့ အမှတ် ၄ ရပ်ကွက်မှာ နေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။
သံတောင်ကြီးဒေသခံတဦးက “မြေပြိုတာက အိမ် ၈ လုံး ပျက်စီးသွားပေမဲ့ လူထိခိုက်မှုတော့ မရှိဘူး။ ရပ်ကွက် ၁ က အိမ် ၂ လုံးကတော့ လုံးဝ မြေကြီးအောက် ရောက်သွားတယ်။ အဲ့အိမ် ၂ လုံးက တလုံးက လူမရှိဘူး။ နောက်အိမ်တလုံးကတော့ မြေခဲတွေကျနေတဲ့ အချိန်တည်းက ထွက်လိုက်လို့ လွတ်သွားတယ်။ တခြားအိမ်တွေကတော့ နည်းနည်းပျက်စီးတာတွေပဲ ရှိတာ။ တောင်ပေါ်ဆိုတော့ ရေကြီးတာမရှိပေမဲ့ မိုးများတော့ မြေအိပြီး ပြိုတာ” လို့ ပြောပါတယ်။
မြေပြိုမှုဖြစ်တဲ့နေရာကို သက်ဆိုင်ရာဝန်ထမ်းတွေက လာရောက်ရှင်းလင်းတာမရှိဘဲ ဒေသခံတွေကသာ ရှင်းလင်းခဲ့တာဖြစ်ပြီး အသင်းတော်ကသူတွေလည်း လာရောက်ကူညီခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပြိုမှုကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဘဲ ပျက်စီးခဲ့တဲ့နေအိမ်တွေက မိသားစုဝင်တွေဟာ နီးစပ်ရာ ဆွေမျိုးတွေနေအိမ်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
မိုးသည်းထန်စွာရွာပြီး မြေပြိုတာကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် ၂ ကားလမ်းဘေးနဲ့ သံတောင်ကြီး-တောင်ငူ ကားလမ်း တချို့နေရာတွေမှာ မြေပြိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။
သံတောင်မြောက်ပိုင်းဒေသရှိ တောင်ငူ-ယာဒို-ဆီဘူး လမ်းမကြီးပေါ် တချို့နေရာတွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကစပြီး မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် မော်တော်ယာဉ်တွေ ပိတ်မိနေပါတယ်။