Home
မြန်မာသတင်း
မုန်းမြို့တွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူ ၁၀,၀၀၀ ခန့် ရေဘေးသင့်
DVB
·
July 29, 2024

ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးသင့်နေတဲ့ မုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀,၀၀၀ လောက် ရေဘေးဒုက္ခခံစားနေရပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ KNU မုန်းမြို့နယ်ပြောရေးဆိုခွင့်ရှိသူနဲ့ ကူညီပေးတဲ့သူတွေက ပြောပါတယ်။

မုန်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၂၂ ရက်ကစပြီး တောင်ကျချောင်းရေနဲ့ စစ်တောင်းမြစ်ရေ တက်တာကြောင့် မုန်းမြို့ထဲရှိ အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တွေအပြင် ကျေးရွာ ၁၀ ရွာကျော် ရေဘေးသင့်နေပြီး အိမ်မွေးတိရစ္ဆာန်နဲ့ လယ်မြေတွေလည်း ရေနစ်မြုပ် ဆုံးရှုံးနေပါတယ်။

KNU မုန်းမြို့နယ်ပြောရေးဆိုခွင့်ရှိက “ကုန်းမြင့်ပိုင်းကလွဲပြီး မုန်းတမြို့လုံးနီးပါး ရေမြုပ်နေကြတာ။ ရေတက်တာ အရမ်းမြန်တာ၊ စမြုပ်တာနဲ့ဆို ၅ ရက်လောက်ရှိတာ။ တံတားချောင်း တောင်အပေါ်မှာက မိုးကကောင်းနေတော့ လျင်လျင်မြန်မြန်စီးလာသလို စစ်တောင်းမြစ်ရေလည်း လျှံနေတယ်။ မိုးကများတော့ လယ်တွေလည်း ရေမြုပ်သွားသလို အိမ်မွေးတိရစ္ဆာန် သေတာတွေလည်း ရှိတယ်။ စစ်ရှောင်တွေကိုတော့ ရေမတက်ခင် KNU က ကယ်ထုတ်တာတွေရှိပြီး ရေလွတ်တဲ့နေရာမှာ နေရာချထားပေးတယ်” လို့ ပြောပါတယ်။

‌မုန်းမြို့ထဲအတွင်းမှာပဲ နေအိမ် ၇၀၀ ကျော်က လူ ၃,၀၀၀ ကျော် ရေဘေးသင့်နေသလို တမြို့နယ်လုံး အတိုင်းအတာနဲ့ လူ ၁၀,၀၀၀ လောက် ရေဘေးသင့်နေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

“မြို့ထဲက အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တွေထဲမှာပဲ အိမ် ၇၀၀ လောက် ရေဘေးသင့်နေကြတာ။ ကျန်တဲ့ကျေးရွာတွေသာ ပေါင်းလိုက်မယ်ဆိုရင် လူသောင်းနဲ့ချီပြီး ရေဘေးသင့်နေတာ။ ဒီလိုပဲ နီးစပ်ရာ ကူညီနေကြတာပဲ။ နှစ်ဖက်လက်နက်ကိုင် အခြေအနေတွေနဲ့ ကူညီပေး‌တဲ့သူ နည်းတာကြောင့် လိုအပ်ချက်တွေကတော့ များပြားတယ်။”

ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက် မြင့်မားနေသလို တံတားတွေကျိုးပြီး ရေစီးကြမ်းနေတဲ့အတွက် စက်လှေတွေလည်း လိုအပ်နေတယ်လို့ KNU မုန်းမြို့နယ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အဓိကလိုအပ်နေတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးပဲပေါ့။ အခု မိုးတွင်းကာလဖြစ်တော့ ငှက်ဖျားတွေ ဖြစ်နေသလို လည်ချောင်းနဲ့ ချောင်းဆိုးတာတွေ ဖြစ်နေကြတာ။ ဆေးဝါးက လိုအပ်နေတာ။ စစ်ရှောင်တွေကို ကယ်ထုတ်ဖို့က တံတားတွေကျိုးတာ ရေစီးကြမ်းနေတော့ စက်လှေတွေ လိုအပ်နေတာ။ အပေါ်ကိုတော့ တင်ပြထားတယ်၊ ကယ်ထုတ်ဖို့ လှေလိုတယ်ဆိုပြီး။ လှေက သေးသေးဆိုလည်း မရသေးဘူး၊ မှောက်သွားမှာဖြစ်တဲ့အတွက် စက်လှေအကြီးမှ ရမယ်ဆိုတာတော့ ပြောထားတယ်။”

ညောင်လေးပင်ခရိုင်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလျှံတာကြောင့် ပြည်သူလူထု စိုက်ပျိုးထားတဲ့ လယ်တွေ၊ လမ်းတံတားတွေ၊ တိရစ္ဆာန်တွေနဲ့ ပြည်သူပိုင်ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေ ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013