Home
မြန်မာသတင်း
သံတွဲတွင် တံတားကျိုးကျပြီး စစ်ဘေးရှောင် ၉ ဦးသေဆုံး
DVB
·
July 28, 2024
Photo - သံတွဲ-ဂွ ကားလမ်းက စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ တံတားတွေ(DCBNA)
Photo - သံတွဲ-ဂွ ကားလမ်းက စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ တံတားတွေ(DCBNA)

တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဂျိတ္တောကျေးရွာက စစ်ဘေးရှောင်တွေဟာ ဇူလိုင် ၂၇ ရက်က ကျားအိုတံတားကျိုးကျတာကြောင့် ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ် ဂျိတ္တောကျေးရွာက ဒေသခံတွေဟာ စစ်ဘေးကနေ ထွက်ပြေးလာစဉ်မှာ သံတွဲမြို့အဝင်ရှိ ကျားအိုတံတားကျိုးကျပြီး ရေနစ် သေဆုံးကျတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ဂျိတ္တောမှာ နှစ်ဖက်တိုက်ပွဲကြားကနေ ခက်ခက်ခဲခဲ လာကြရတာဖြစ်တယ်။ အဲဒီမှာ သံတွဲမြို့အဝင်က ကျားအို တံတားအဖြတ်မှာ တံတားကျိုးကျပြီး စစ်ရှောင် ၉ ဦး ရေနစ် သေကြတာလို့ သိရတယ်။ သေသွားတဲ့အထဲမှာ ကလေးတွေလည်း ပါတယ်။ အဲဒီတံတားက သစ်သားတံတားဖြစ်ပြီးတော့ အိုဟောင်းနေပြီဖြစ်တာကြောင့် ရေစီးဒဏ်ကို မခံနိုင်ဘဲ ကျိုးသွားတာလည်း ဖြစ်နိုင်တယ်” လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

တံတားကျိုးကျပြီး သေဆုံးခဲ့တဲ့သူတွေရဲ့ အချက်အလက်တွေကို DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။ သံတွဲမြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး မြို့ပေါ်လူနေရပ်ကွက်တွေအထိ ရေကြီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သံတွဲ-ဂွလမ်းမှာရှိတဲ့ တံတား ၄ စင်းကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီက မောင်ရွှေလေးရေတပ် မကျစေဖို့အတွက် ဂျိတ္တောကျေးရွာမှာ ခံစစ်ပြုလုပ်ထားတာကြောင့် အဲဒီကျေးရွာအတွင်းမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ကျေးရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ သံတွဲမြိုနယ်အတွင်း စစ်ကောင်စီဲရဲ့ လက်ကျန်တပ်ဖြစ်တဲ့ မောင်ရွှေလေးရေတပ်နဲ့ ခံတပ်စခန်းကိုလည်း အာရက္ခတပ်တော်က တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း ပစ်ကူတွေနဲ့ ခုခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံ- သံတွဲ-ဂွ ကားလမ်းက စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးခဲ့သည့် တံတားများ (DCBNA)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013