Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက် နှင့် မြဝတီတွင် ရေကြီးရေလျှံ
DVB
·
July 26, 2024
Photo Crd-bangkokbiznews
Photo Crd-bangkokbiznews
Photo Crd-bangkokbiznews
Photo Crd-bangkokbiznews
Photo Crd-bangkokbiznews
Photo Crd-AEC อาเซียน News
Photo Crd-AEC อาเซียน News
Photo Crd-AEC อาเซียน News

ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့နဲ့ မြန်မာဘက်ခြမ်း မြဝတီမြို့တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သောင်ရင်းမြစ်ရေလျှံပြီး ရေကြီးနေတယ်လို့ ဒေသခံက ပြောပါတယ်။ 

တာ့ခ်ခရိုင် မဲဆောက်မှာဆိုရင် ဇူလိုင် ၂၅ ညနေ ၅ နာရီလောက်ကစ မြို့ထဲရေဝင်လာကြောင်း၊ အထူးသဖြင့် သောင်ရင်းမြစ်ကမ်းဘေး ထာ့ဆိုင်လွတ်ရပ်ကွက်၊  မြဝတီမြို့လယ် တရုတ်စာသင်ကျောင်းရှေ့၊ မင်္ဂလာပါလက်ဖက်ရည်ဆိုင်နားတဝိုက်၊ ကလျာဟိန္ဒူ ဘုရားကျောင်းရှေ့ အဝိုင်းပတ်နားမှာ ရေတွေကြီးခဲ့တယ်။ ည ၁၂ နာရီကျော်လောက်မှာ ရေ တရိပ်ရိပ်ပြန်ကျသွားပြီး ဒီကနေ့ ဇူလိုင် ၂၆ ရက် မနက်မှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီလို့ မဲဆောက်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

မဲဆောက်မှာ ရေတွေကျသွားပေမဲ့လည်း မဲဆောက်တဘက်ကမ်း မြဝတီမြို့ပေါ်မှာ ရေကြီးနေကြောင်း၊ မြဝတီဘက်မှာ  မနေ့ည သန်းခေါင်ကျော်ကစ ဒီကနေ့ထိ ရေကြီးနေတယ်၊ မြဝတီရေပေါ်ဈေးအောက်ပိုင်းမှာ ခါးလယ်လောက်ထိ ရေတက်လာလို့ အဆိုပါဈေးကို ပိတ်ထားရပြီး  အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူအချို့လည်း  အမြင့်ပိုင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ ဆိုပါတယ်။ 

မြဝတီမှာ ရေကြီးနေပြီး လမ်းတံတားတွေ ပျက်စီးနေတာကြောင့် ထိုင်းဘက်ကနေ ကုန်စည်ပို့ဆောင်ရေး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

မြ၀တီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းတွေကို အသုံးပြုနေတဲ့ ကုန်သည်တွေ၊ ကော့ကရိတ် မြ၀တီလမ်းဟောင်း အသုံးပြုသူတွေအနေနဲ့လည်း လမ်းကြောင်းပျက်စီးနေတာကြောင့် ကြိုတင်သတင်းမေးမြန်းပြီးမှ ကုန်စည်ပို့ဆောင်တာတွေ ပြုလုပ်ကြဖို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Bangkokbiznews သတင်းမှာလည်း သောင်ရင်းမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၂၆ မနက် ၇ နာရီက ရေထိန်းနံရံအထက် ၁ မီတာ ခွဲကျော်မြင့်လာတယ်၊ မဲဆောက်-မြဝတီကြား နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် ၁ ထိ ရေဝင်လာတယ်လို့ ဖော်ပြထားပါတယ်။ 

အာဆီယံထိုင်းသတင်းမှာတော့  မိုးကြီးလေကြီးကျတာကြောင့် တာ့ခ်ခရိုင် ဖုပ်ဖရ နဲ့ အုန်းဖျံ မြို့နယ်ကြား အမှတ် ၁၀၉၀ လမ်းမကြီး  ကီလိုမီတာတိုင်အမှတ် ၇၇ နားမှာ သစ်ပင်ကြီးတွေ လဲကျနေလို့  လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတယ်၊ သက်ဆိုင်ရာက သစ်ပင်ကြီးတွေကို အမြန်ရှင်းလင်းဖယ်ထုတ်နေတယ်လို့ ဖော်ပြသွားပါတယ်။ 

ကိုးကား - bangkokbiznews / AEC อาเซียน News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013