ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းမှာ ရေကျော်နေလို့ လမ်းပိတ်နေပြီး ပန်းတနော်နဲ့ ဇလွန်မြို့နယ်မှာလည်း မြစ်ရေမြင့်တက်လာလို့ လူနေအိမ် ၅၀ ကဒေသခံတွေကို ရေဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းက မိုင်တိုင် ၁၂၊ ၀ - ၁၂ နဲ့ ၁ အနီး လမ်းပေါ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ဇူလိုင် ၁၉ ရက်က စတင်က လမ်းပေါ်ရေကျော်တက်နေလို့ သွားလာမရဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “လမ်းတာပေါ်ကို မြစ်ရေက ၃ ပေ၊ ၄ ပေလောက်အထိကို ကျော်တက်နေတာ။ လမ်းကသွားမရတော့ ယာဉ်ပိတ်ဆို့တာပေါ့။ တချို့ယာဉ်တွေဆို မဖြတ်ရဲလို့ ပြန်ကိုလှည့်သွားတာ” လို့ ပြောပါတယ်။
အဲဒီ ကားလမ်းပေါ် ရေကျော်တက်နေလို့ ကားနဲ့ ဆိုင်ကယ်တွေ ရာနဲ့ချီ သွားလာမရဘဲ လမ်းပိတ်ဆို့နေပြီး မြစ်ရေဆက်လက်မြင့်တက်လာရင် နေအိမ်တွေပါ ရေနစ်မြုပ်မယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရေက ထန်းတပင်အုပ်စု၊ ရွှေကျွန်းတောရွာအနီးက အဲလမ်းပေါ် တအားကျော်တက်နေတော့ သဲအိတ် ၁,၀၀၀ လောက်အသုံးပြု ချတာနဲ့ ဖြူ/နီ လမ်းအမှတ်အသားတွေ စိုက်ထူတာတွေ လုပ်နေရတယ်။ ရေက ပြန်မကျတော့ အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေတာ” လို့ ပြောပါတယ်။
ကြံခင်းမြို့နယ်မှာ ဇူလိုင် ၁၆ ရက်ကစတင်လို့ ဧရာဝတီမြစ်ရေမြင့်တက်လာတာဖြစ်ပြီး စာသင်ကျောင်းတွေထဲ ရေဝင်ရောက်လာလို့ ဇူလိုင် ၂၀ ရက်အထိ အထက်တန်းကျောင်းတွေ အပါအဝင် စာသင်ကျောင်း ၃၇ ကျောင်းအထိ ပိတ်ထားရတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ ကြံခင်းမြို့နယ်မှာ နောက် ၁ ရက် အထိ စိုးရိမ်ရေအမှတ် အထက်မှာ ဆက်လက်တည်ရှိနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ရေဘေးအန္တရာယ် သတိပြုနေထိုင်ဖို့ လိုအပ်တယ်လို့ ဒေသခံ ကူညီကယ် ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။
မအူပင်ခရိုင်၊ ပန်းတနော်နဲ့ ဇလွန်မြို့နယ်မှာလည်း မြစ်ရေမြင့်တက်လာတာကြောင့် လူနေအိမ် ၅၀ က ဒေသခံတွေကို ရေဘေးလွတ်ရာ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ငဝန်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာလို့ ဇူလိုင် ၁၉ ရက်နဲ့ ၂၀ ရက်က ပန်းတနော်မြို့နယ်နဲ့ ဇလွန်မြို့နယ်က ရေနစ်မြုပ်တဲ့အိမ်တွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ရတာပါ။
ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူ တယောက်က “ပန်းတနော်မြို့နယ်မှာတော့ ဘဝိုင်းကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာက လူနေအိမ်တွေ အများဆုံး ရေနစ်မြုပ်နေလို့ ပြောင်းရွှေ့ပေးခဲ့ရတာ။ ရေက တအားဝင် နစ်မြုပ်နေတဲ့အတွက် ဆက်နေဖို့မသင့်လို့ရွှေ့ရတာ။ အိမ်ခြေ ၂၀ ကျော်က ဒေသခံတွေကို ရေဘေးလွတ်ရာ အောင်ဓမ္မာရုံနဲ့ ရတနာသိင်္ဂီဓမ္မာရုံ ပြောင်းရွှေ့ပေးခဲ့တာ” လို့ ပြောပါတယ်။
ပန်းတနော်နဲ့ ဇလွန်မြို့နယ်တို့မှာ အိမ်ထောင် ၅၀ က ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ အယောက် ၅၀၀ နီးပါးကို ရေဘေးလွတ်တဲ့ဆီ ကူညီပြောင်းရွှေ့ပေးထားရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ငဝန်မြစ်ရေတက် နစ်မြုပ်လာလို့ အရေးပေါ်ရွှေ့ပေးရတာပါ။ ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်က လူနေအိမ်တွေကို အများစုရွှေ့ပြောင်းပေးရတာ။ ငဝန်မြစ်ရေက ဇူလိုင် ၁၇ ရက်နေ့ကတည်းက ရေကတက်လာတာ၊ ဒီနေ့အထိ ရေက မြင့်တက်နေတာ။ အကုန်မြုပ်ကုန်ပြီ” လို့ ပြောပါတယ်။
ပန်းတနော်မြို့နယ်က ဒေသခံတွေကို ရေဘေးလွတ်တဲ့ အောင်ဓမ္မာရုံနဲ့ ရတနာသိင်္ဂီဓမ္မာရုံဆီ ပြောင်းရွှေ့ပေးထားပြီး ဇလွန်မြို့နယ်က ဒေသခံတွေကိုတော့ ရေလွတ်ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့ပေးခဲ့တာလို့ သိရပါတယ်။
Crd Photo - Min Min, MFD, MV