ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လယ်ဧက ၂,၀၀၀ ခန့် ရေနစ်မြုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၆ ရက်ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကညင်တပင်၊ မကျီးစု၊ ညောင်ကျိုး စတဲ့ကျေးရွာတွေက ဒေသခံတွေ စိုက်ပျိုးထားတဲ့ မိုးစပါးစိုက်ဧက ၂,၀၀၀ ခန့် ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။
ဒေသခံ တောင်သူတယောက်က “ရေနစ်မြုပ်မှု ဖြစ်ပေါ်နေတာ နှစ်ရက်ကျော် ကြာနေပါပြီ။ ဒီလိုပုံစံအတိုင်းဆို စပါးတွေရှင်ဖို့ ခက်ခဲပါတယ်။ မိုးကလည်း ရွာနေတုန်းဆိုတော့ ရေကလည်း ဆက်တက်လာဖို့ရှိတယ်။ ကျမတို့ရွာနဲ့ ပတ်ဝန်းကျင်ရွာက စပါးစိုက်ပြီးဧက ၂,၀၀၀ လောက် ရေမြုပ်နေပါတယ်” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အခုနှစ်စိုက်ထားတဲ့ မိုးစပါးခင်းတွေ ရေနစ်မြုပ်နေတာပါ။ ခန့်မှန်းဧက ၂,၀၀၀ ကျော်လောက်ရှိမယ်။ လိုအပ်တဲ့ ကူညီမှုတွေ ဆောင်ရွက်နေတယ်လို့ သိရတယ်။ လက်ရှိ မြေပြင်အခြေအနေကိုလည်း စောင့်ကြည့် ဆောင်ရွက်နေတယ်တဲ့” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ ဧရာဝတီမြစ်ရေနဲ့ ငဝန်မြစ်ရေ မြင့်တက် ဝင်ရောက်လာမှုကြောင့် ဇူလိုင် ၁၅ ရက်က စတင်ပြီး အခြေခံပညာကျောင်း ၆ ကျောင်း အရေးပေါ်ပိတ်ထားရကြောင်း သိရပါတယ်။