Home
မြန်မာသတင်း
ရေကြီးနေသည့် ကံမမြို့တွင် ကယ်ဆယ်ရေးမလုပ်ဘဲ လောင်းကစားဝိုင်းနှင့်ဈေးရောင်းပွဲ ပြုလုပ်နေ
DVB
·
July 18, 2024

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေတက်ပြီး ရပ်ကွက်နဲ့ ကျေးရွာတချို့ ရေကြီးနစ်မြုပ်ခဲ့ပေမဲ့ မြို့ပေါ်မှာတော့ စျေး‌ရောင်းပွဲတော်ကြီးတခုကို လောင်းကစားဝိုင်းတွေနဲ့ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတယောက်က “အမှတ် ၄ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ ကမ်းနားတန်း အမှတ် ၁ ကျောင်း၊ မှော်ဦးရပ်နဲ့ ကံမနဲ့ကပ်ရပ် ရွာတွေ ရေကြီးနေတာ ဇူလိုင် ၁၂ ရက်နေ့ကတည်းက စတက်လာနေတာ။ အဲဒါကို မြို့ထဲက ဘောလုံးကွင်းထဲမှာ စျေးရောင်းပွဲဆိုပြီး လုပ်တာ၊ အဲဒါ လူတွေက ဝိုင်းပြီး‌ ဝေဖန်နေကြတာ။ ဘာအထိမ်းအမှတ်နဲ့ လုပ်တာလဲမသိ။ မနက်ဖြန်ဆို အာဇာနည်နေ့လေ၊ အဲဒီတော့ အာဇာနည်နေ့ လောင်းကစားပွဲတော်လို့ ဝိုင်းပြောနေကြလို့ အခု အဲဒီပွဲကို ရပ်လိုက်ပြီလို့ ထွေအုပ်ကလူတွေကတော့ ပြောတာပဲ။ ဒါပေမဲ့ အခုထိ လောင်းကစားဝိုင်းက မရပ်ဘူး၊ ညတိုင်း ရှိတယ်။ လူတွေလည်း ငတ်နေကြတာ။ ရပ်ကွက်ထဲ ထမင်းထုပ်တွေကလည်း လိုက်အလှူခံနေရတာ။ ပျော်တဲ့လူက ပျော်နေကြတယ်” လို့ ပြောပါတယ်။

ဒေသခံ စျေးသည်တဦးက “မြစ်ကမ်းဘေး ကျေးရွာတွေက ပိုခံရတယ်၊ တချို့ နေအိမ်ခေါင်မိုးပေါ် နေထိုင်တဲ့ မိသားစုတွေလည်း ရှိတယ်။ အဲဒီရွာတွေ မြစ်ဘေးနားကရွာတွေဖြစ်ပြီး ရေစီးအရမ်းသန်တော့ ကူညီကယ်ဆယ်မယ့်သူတွေ မရောက်နိုင်ကြဘူး။ တချို့ စားဖို့တောင် မရှိဘူး။ ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေကလည်း မလုပ်ရဲကြဘူး။ စစ်တပ်က နိုင်ငံရေး အကြောင်းပြပြီး လှူတဲ့သူတွေကို ဖမ်းတာတွေ ရိုက်တာတွေရှိလို့ ပရဟိတအဖွဲ့တွေ မလှုပ်ရဲဘူး” လို့ ပြောပါတယ်။

ကံမမြို့မှာ ရေက ဆက်တက်နေဆဲဖြစ်ပြီး မြို့ပေါ် ရေဘေးဒုက္ခသည် ၁,၀၀၀ ကျော်ရှိကာ ကျေးရွာတွေစာရင်းတော့ ကောက်လို့မရသေးဘူးလို့ ထွေအုပ်ကနေ သိရပါတယ်။

တဆက်တည်း အထက်တန်းကျောင်းတကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ မူလတန်းကျောင်း ၁၅ ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း ၂၀ ကျော် ရေမြုပ်လို့ ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။

စျေးရောင်းပွဲတော်က စစ်တပ်၊ ရဲ၊ ထွေအုပ်၊ လဝကနဲ့ အရပ်သား ၅ ဦး ကော်မတီဖွဲ့ပြီး ရောင်းချခွင့်ပြုထားပြီး လောင်းကစားဝိုင်းတွေကတော့ ဒိုင်တဒိုင်ကို ၁၀ သိန်းကနေ သိန်း ၄၀ အထိ ပေးရကာ ကံမမြို့ စျေးရောင်းပွဲတော်ကို ကံမမြို့နယ် အားကစားကွင်းဘေး အောက်စီဂျင်စက်ရုံလမ်းမှာ ဇူလိုင် ၁၅ ရက်ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမှာလို့ သိရပါတယ်။

မင်းညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024