Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ဟုမ္မလင်းနှင့် မြန်အောင်က စာသင်ကျောင်း ၃၀၀ ကျော် ပိတ်ထားရ
DVB
·
July 17, 2024
Photo - KKL

ချင်းတွင်းမြစ်နဲ့ ဥရုချောင်း ရေကြီးရေလျှံမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော် ပိတ်ထားရကြောင်း ဒေသခံတွေထံက သိရပါတယ်။

အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ရှိတဲ့အနက် တိုက်ပွဲလွတ်ကင်းရာ၊ ရေကြီးရေလျှံမှု မဖြစ်ပွားရာ ကုန်းမြင့်ပိုင်းဒေသတွေက အခြေခံပညာကျောင်း ၄ ကျောင်းသာ ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။

ပညာရေးနဲ့နီးစပ်သူ ဒေသခံတဦးက “နိုင်ငံရေး မတည်ငြိမ်တာရယ်၊ တိုက်ပွဲတွေ ဖြစ်နေတာရယ်၊ ခုနောက်ပိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်လာတာရယ်ကြောင့် ကျောင်းတွေ ပိတ်ထားလိုက်ရတယ်။ နိုင်ငံရေး နည်းနည်းငြိမ်တဲ့နေရာ၊ ရေလွတ်တဲ့ ကုန်းမြင့်ပိုင်းမှာရှိတဲ့ ကျောင်းတွေကတော့ ဖွင့်နိုင်တာပါ။ အခုလက်ရှိက ၄ ကျောင်းပဲ ဖွင့်နိုင်တယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်က ကုန်းမြင့်ဒေသပိုင်းမှာရှိတဲ့ ဟုမ္မလင်း အမှတ် ၁ အထက်တန်းကျောင်း အပါအဝင် မောင်းခမ်း၊ ကောယား၊ မြေနီကုန်း အခြေခံပညာကျောင်းတွေသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဟုမ္မလင်းမြို့က အမှတ် ၂ အထက်တန်းကျောင်းနဲ့ အမှတ် ၁၊ ၂၊ ၃ မူလတန်းကျောင်းတွေကတော့ ဖွင့်လှစ်နိုင်ခြင်း မရှိပါဘူး။

ချင်းတွင်းမြစ်ရေနဲ့ ဥရုချောင်းရေဟာ ဇူလိုင် ဒုတိယအပတ်အတွင်း တိုးလာပြီးနောက် ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေက အခြေခံပညာကျောင်းတွေနဲ့ ဥရုချောင်းရိုး တလျှောက်ရှိ ကျေးရွာတွေက အခြေခံပညာကျောင်းတွေလည်း ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ပြီး ပိတ်ထားခဲ့ရပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဟုမ္မလင်းမြို့နယ်မှာ အခြေခံပညာကျောင်း အပါအဝင် ဘုန်းတော်ကြီး ပညာသင်ကျောင်း စုစုပေါင်း ၃၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊ တိုက်ပွဲတွေဖြစ်ပွားနေမှု၊ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရကာ အခြေခံပညာကျောင်းတွေလည်း ပိတ်ထားပါတယ်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၁၃ ကျောင်းအထိ ပိတ်လိုက်ရတယ်လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် မြန်အောင်မြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၁ ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) ၂ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၆ ကျောင်း စုစုပေါင်း ၁၃ ကျောင်းကို ဇူလိုင် ၁၅ ရက်ကနေ စတင်ပိတ်လိုက်ရတာလို့ ဆိုပါတယ်။

ပညာရေးမှူးရုံးနဲ့ နီးစပ်သူတဦးက “မြစ်ရေက ချက်ချင်းဆိုသလို  အရှိန်ကောင်းကောင်းနဲ့ တက်လာတော့ ကျောင်းတွေထဲ ရေတွေဝင်ပြီး မြုပ်ကုန်တာ။ သင်ကြားရေးလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်လို့မရတဲ့ အခြေအနေမို့ ပိတ်ထားရတာပါ။ ဒါနဲ့တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့ပိတ်တာ” လို့ ပြောပါတယ်။

အဲ့ဒီ စာသင်ကျောင်း ၁၃ ကျောင်းကို လတ်တလော ၇ ရက်ခန့် ပိတ်ထားပြီး မြစ်ရေအခြေအနေကို စောင့်ကြည့်ကာ ကျောင်းတွေပြန်ဖွင့်ရက်ကို ထပ်မံစီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စာသင်ကျောင်းတွေ ပိတ်ထားမယ့်ရက်အတွင်း ကလေးတွေရဲ့သင်ခန်းစာတွေ နောက်မကျစေဖို့ အစားထိုး ပြန်လည်ဖွင့်လှစ်သင်ကြားသွားမယ်လို့ ဆိုပါတယ်။

ကျောင်းသားမိဘတဦးက “အခုလို ကျောင်းတွေကို ရေတက်နေတဲ့အချိန် ပိတ်ထားတော့ အန္တရာယ်ကင်းတာပေါ့။ မပိတ်ရင် ကလေးတွေအတွက် စိတ်ပူရတာနဲ့ မလွယ်ဘူး။ ရေက တဟုန်ထိုးကို တက်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ဧရာဝတီတိုင်းအတွင်း ဟင်္သာတ၊ ဇလွန်နဲ့ ဆိတ်သာမြို့တွေမှာ ဇူလိုင် ၁၅ ရက်ကစတင်မြင့်တက်နေပြီး နောက် ၂ ရက်အထိ ဆက်လက်မြင့်တက်ကာ စိုးရိမ်ရေမှတ်ရဲ့ အထက်တည် ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013