တရုတ်နိုင်ငံတဝန်းမှာ သီတင်းပတ် တပတ်ကြာ မိုးသည်းအပြီး တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့မှာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့အပြင် လူအတော်များများ ပျောက်ဆုံးခဲ့ပါတယ်။
နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းရှီးပြည်နယ်မှာ တံတားတစင်း ပြိုကျပြီးတဲ့နောက် သောကြာနေ့နှောင်းပိုင်းမှာ ကားစီးရေ အတော်များများဟာ ရေလျှံနေတဲ့မြစ်ထဲ ထိုးကျသွားခဲ့လို့ လူ ၁၂ ယောက် ထက်မနည်း သေဆုံးပြီး အယောက် ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးအချက်အချာ ရှန်ဟိုင်းမှာတော့ အပူလှိုင်းကြောင့် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် မြင့်တက်ခဲ့လို့ ဇူလိုင် ၂၀ ရက်က ထောင်ချီတဲ့လူတွေ ရှန်ဟိုင်းမြို့ပြင်က ပလာယာမာယာ ရေပန်းဥယျာဉ်ဆီ စုပြုံရောက်လာခဲ့ပြီး ရေကန်တွေထဲမှာ လူအုပ်ကြီးက ပြည့်ကြပ်နေတာပါ။
စတုရန်းမီတာ ၃ သိန်း ကျယ်တဲ့ ပန်းခြံမှာ ခရီးသွားဧည့်သည်တွေ အပူဒဏ်ကိုမခံရစေဖို့ အချင်းချင်း ရေသေနတ်တွေနဲ့ ရေပက်နေပြီး ရေလွှာလျှော စီးနေတာကိုလည်း တွေ့ရပါတယ်။
အသက် ၃၄ နှစ်အရွယ် ဧည့်သည်တဦးက “အပြင်ထွက်ရတာ အဆင်မပြေဘူး။ အိမ်မှာနေပြီး တနေ့လုံး လေအေးပေးစက် ဖွင့်လို့လည်း အဆင်မပြေဘူး။ ဒါကြောင့် အပူဒဏ်က လွတ်ကင်းပြီး အအေးခံနိုင်တဲ့ နေရာကို ရှာခဲ့တယ်" လို့ ပြောပါတယ်။
ရှန်ဟိုင်းမိုးလေဝသဌာနက အပူရှိန်အတွက် လိမ္မော်ရောင်သတိပေးချက်ကို ဆက်လက် ထုတ်ပြန်ခဲ့ပြီး လာမယ့်သီတင်းပတ်အစောပိုင်းအထိ အပူချိန်ဆက်မြင့်နေနိုင်တယ်လို့ ပြောပါတယ်။
Source-Reuters