Home
မြန်မာသတင်း
တရုတ် တောင်းဆိုချက်ကြောင့် MNDAA က အပစ်ရပ်ကာလထပ်တိုး
DVB
·
July 21, 2024
Photo - MNDAA

တရုတ်ရဲ့ တောင်းဆိုမှုကြောင့် ကိုးကန့်တပ်ဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကာလကို ထပ်တိုးလိုက်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ကော်မရှင်က ဇူလိုင် ၁၉ ရက်စွဲနဲ့ အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

အပစ်အခတ် ချက်ချင်းရပ်စဲဖို့နဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တရုတ်က တောင်းဆိုထားတာကြောင့် တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်အထိ MNDAA တပ်ဖွဲ့တွေ လက်ရှိရောက်ရှိနေတဲ့နေရာတွေမှာပဲ ဆက်လက်ခံစစ်ဆင်ဖို့၊ MNDAA ဘက်က စတင် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

နယ်စပ်ဒေသခံတယောက်က “မြန်မာဘက်ခြမ်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို အရင်တလောက တရုတ်ဘက်ခေါ်ပြီး တွေ့ဆုံဆွေးနွေးတယ်လို့ ကြားတယ်။ တရုတ်ဘက်က တိုက်‌ပွဲတွေ ရပ်ပေးကြဖို့ပေါ့နော့်။ မလိုက်နာရင် သူတို့ဘက်က ပိတ်ဆို့မှုတွေ လုပ်မယ်ပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတည်းက MNDAA ထိန်းချုပ်ထားတဲ့နေရာက နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်နဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်တို့ကို တရုတ်ဘက်က လုံးဝ ပြန်ပိတ်လိုက်တာရှိတယ်လို့ ပို့ကုန်၊ သွင်းကုန် ကုမ္ပဏီတခုရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်း လေကြောင်းရန်ကာကွယ်ရေးကို စီမံ ဆောင်ရွက်ထားဖို့နဲ့ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MNDAA ရဲ့ ကွပ်ကဲရေးတပ်မှူးတွေ၊ အရာရှိတွေ၊ စစ်သည်တွေအားလုံး ထုတ်ပြန် ညွှန်ကြားချက်တွေကို တိတိတိကျကျ လိုက်နာဖို့လည်းဆိုပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း စစ်ကောင်စီက တိုက်ခိုက်လာမယ်ဆိုရင်တော့ MNDAA တပ်ဖွဲ့တွေအနေနဲ့ အကန့်အသတ်နဲ့ မိမိကိုယ်ကိုယ်ခုခံကာကွယ်တဲ့ တန်ပြန်တိုက်ခိုက်တာတွေကို သင့်တော်သလို လုပ်ဆောင်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဇူလိုင် ၁၄ ရက်ကစလို့ လာမယ့် ဇူလိုင် ၁၈ ရက်အထိ တရုတ်နိုင်ငံမှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေး ကျင်းပဖို့ရှိနေလို့ တရုတ်ရဲ့ စိုးရိမ်မှုကို တုံ့ပြန်တဲ့အနေနဲ့ MNDAA ဘက်က စစ်ဆင်ရေးကို ၄ ရက်ကြာ ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013