တရုတ်နိုင်ငံရှိ စက်ရုံတွေမှာ အလုပ်လုပ်ဖို့ ပြည်တွင်းရှိ အလုပ်သမားတွေကို လုပ်ငန်းခွင်အထိ လက်ကမ်းစာစောင်တွေ ဝေကာ ဆွဲဆောင်ခေါ်ယူတာတွေ ရှိနေတယ်လို့ အလုပ်သမားတချို့ဆီက သိရပါတယ်။
တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့က အထည်ချုပ်စက်ရုံတွေမှာ လုပ်သားလိုအပ်ချက် ရှိနေတာကြောင့် လစာကောင်းကောင်းနဲ့ လုပ်ရမယ်ဆိုပြီး ခေါ်နေတာလို့ ဆိုပါတယ်။
လက်ရှိမှာ ရွှေလီဘက်ခြမ်းရှိစက်ရုံတွေက အခြေခံလုပ်ခအနေနဲ့ ကျပ် ၆ သိန်းကျော်ကနေ ကျပ် ၁၀ သိန်းကျော်အထိ ရရှိမယ်ဆိုပြီး ဆွဲဆောင်နေကြတာ ဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက “စက်ရုံရှေ့မှာ အလုပ်ခေါ်တဲ့ Pamphlet (လက်ကမ်းစာစောင်)တွေ ဝေတာမျိုး ကြုံရတာ။ လက်ရှိလစာထက်လည်း ပိုရမယ်။ စားစရိတ်ငြိမ်း ဆိုတော့ စိတ်ဝင်စားကြသူတွေ ရှိတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ဝင်ရောက်မှုတွေကို တင်းကျပ်ထားတာကြောင့် သွားရောက်နိုင်ဖို့ မလွယ်သလို ပြောထားတဲ့လုပ်ခထက် ချိုးနှိမ်ပေးတာတွေ ရှိနေတယ်လို့ လက်ရှိပြည်တွင်းက စက်ရုံလုပ်သားခေါင်းဆောင်တဦးက ပြောပါတယ်။
“အသိတွေထဲက ရောက်သွားတဲ့သူတွေ ရှိတယ်။ ကိုယ်တွေကိုလည်း ခေါ်တယ် မသွားတာ။ တချို့ရောက်ပြီးကာမှ အလုပ်မရလို့ ဒုက္ခရောက်နေတာတွေရှိတယ်လို့ ပြောတယ်။ အဲဒီက စက်ရုံတချို့က အရင်ဒီမှာ လာဖွင့်ဖူးတဲ့သူတွေ။ အဲဒါ အချိတ်ဆက်နဲ့ ခေါ်သွင်းတာမျိုးလုပ်နေတာ။”
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ တရားဝင်လုပ်သားစေလွှတ်ရေး လက်မှတ်ရေးထိုးထားတာ မရှိသေးဘဲ တရားဝင်စနစ် ကျင့်သုံးဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြီးခဲ့တဲ့နှစ်က သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဥ်တခုမှာ ဆွေးနွေးတောင်းဆိုခဲ့တာ ရှိပါတယ်။