Home
မြန်မာသတင်း
ကြံခင်းနှင့် လေးမျက်နှာတို့တွင် ဧရာဝတီမြစ်ရေကြီးပြီး စာသင်ကျောင်းများပိတ်
DVB
·
July 19, 2024
Photo Crd-MV

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး စာသင်ကျောင်းတွေထဲ ရေဝင်ရောက်လာလို့ ဇူလိုင် ၁၈ ရက်ကစပြီး စာသင်ကျောင်း ၉ ကျောင်း ပိတ်လိုက်ရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၁၇ ရက်က စတင်ပြီး တဖြည်းဖြည်း မြင့်တက်ဝင်ရောက်လာလို့ ကြံခင်းမြို့နယ်ထဲက စာသင်ကျောင်း ၆ ကျောင်းနဲ့ လေးမျက်နှာမြို့နယ်ထဲက စာသင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၉ ကျောင်းကို ဇူလိုင် ၁၈ ရက်က စတင်ပိတ်ထားရတာလို့ ဆိုပါတယ်။

ပညာရေးမှူးရုံးနဲ့ နီးစပ်သူတယောက်က “ကြံခင်းမြို့နယ်နဲ့ လေးမျက်နှာမြို့နယ်မှာ မနေ့ ၁၈ ရက်နေ့ကတည်းက ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်အထက်ကျော်တာ။ အခြေခံပညာကျောင်းတွေထဲ မြစ်ရေဝင်ရောက်လာလို့ အခုလို ယာယီပိတ်လိုက်ရတာ” လို့ ပြောပါတယ်။

စာသင်ကျောင်းတွေထဲ မြစ်ရေဝင်ရောက်လာလို့ လေးမျက်နှာမြို့နယ်က အခြေခံပညာ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၂ ကျောင်းနဲ့ ကြံခင်းမြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်းခွဲ ၁ ကျောင်း၊ အလယ်တန်း ၁ ကျောင်း၊ မူလတန်းကျောင်း ၄ ကျောင်း ပိတ်လိုက်ရတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခု ရေက တအားတိုးနေတာ။ ကျောင်းတွေပိတ်တာ ကောင်းတယ်။ တချို့စာသင်ကျောင်းတွေဆို လုံးဝကို မြုပ်သွားတာ။ အိမ်တွေထဲလည်း ရေတွေဝင်နေတာ မနည်းဘူး” လို့ ပြောပါတယ်။

ကြံခင်းနဲ့ လေးမျက်နှာမြို့နယ်မှာ မြစ်ရေဝင်ရောက်လာလို့ ရေလယ်ကျွန်း၊ သောကြာဒူး၊ ကျွန်းကြီး၊ ကျောက်စရစ်ကုန်း စတဲ့ကျေးရွာတွေက စာသင်ကျောင်းတွေ အများစု ပိတ်ထားရတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013