Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ၌ တရားမဝင်နေထိုင်သူများကို ဇီဝမှတ်တမ်းကောက်ယူ
DVB
·
July 19, 2024
Photo Crd-hindustantimes

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ မဏိပူရပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်ခိုလှုံနေတဲ့ တရားမဝင်နေထိုင်သူ ၂၄ ဦးကို ဇီဝမှတ်တမ်း ကိုယ်ရေးအချက်အလက်တွေ ကောက်ယူနိုင်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ပြောခဲ့ကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။

တန်နူပါလ်ခရိုင်၊ ဂိုဗာဂျန်ကျေးရွာမှာ ခုလို စစ်ဆေးအတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယ-မြန်မာ နယ်စပ် မိုရေးမြို့နဲ့ အနီးတဝိုက် ဒေသတွေမှာပါ စစ်ဆေးကောက်ယူမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် ဆိုရှယ်မီဒီယာပေါ်ကတဆင့် မျှဝေထားတဲ့ ပို့စ်မှာတော့ သတင်းပေးချက်အရ မဏိပူရရဲတွေ၊ အာသံရိုင်ဖယ်တပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ အပါအဝင် ဇီဝမှတ်တမ်း ကိုယ်ရေးအချက်အလက် ကောက်ယူရေးအဖွဲ့က ဒေသတွင်း တအိမ်တက်ဆင်း ရှာဖွေရာမှာ မြန်မာနိုင်ငံသား ၂၄ ဦးကို တွေ့ရှိရတာဖြစ်ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၆ ဦး ပါဝင်တယ်လို့ ပြောပါတယ်။

မဏိပူရပြည်နယ်အစိုးရ အနေနဲ့ အစောပိုင်းကာလတွေကတည်းက စတင်ကာ ဇီဝမှတ်တမ်း ကိုယ်ရေးအချက်အလက် ကောက်ယူရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပေမဲ့ အရှေ့မြောက်ပိုင်းပြည်နယ်က လူမျိုးစုနှစ်ခုကြား ပြီးခဲ့တဲ့နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအပြီးမှာ ရပ်တန့်ခဲ့ရကာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဒီလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်တုန်းကလည်း မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်ခိုလှုံနေတဲ့ တရားမဝင် နေထိုင်သူ ၄၀ နီးပါးကို အိန္ဒိယနယ်စပ် မိုရေးမြို့ကနေတဆင့် နေရပ်ပြန်ပို့လိုက်ပြီး ဒီမတိုင်ခင် မတ် ၈ ရက်နဲ့ မေ ၂ ရက်နေ့တွေမှာလည်း နိုင်ငံတွင်း ရွှေ့ပြောင်းခိုလှုံနေတဲ့ မြန်မာ ၇၇ ဦးကို အသုတ် ၂ သုတ်ခွဲ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၈ ရက်ကနေ ဇွန်လအထိ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၁၅ ဦးကို မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်းကတော့ ဌာနေတိုင်းရင်းသား လူမျိုးတွေကို အကာအကွယ်ပေးတာက သူ့ရဲ့အစိုးရအတွက် အရေးကြီးတယ်လို့ ပြောကြားထားသလို ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးကို တရားဥပဒေနဲ့အညီ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူတွေ ပိုပြီးတော့ တိုးပွားလာနေသလို ခရိုင်အတွင်း လုံခြုံရေးတပ်ဖြန့်မှု အားကောင်းစေဖို့အပြင် အုပ်ချုပ်ရေးအဖွဲ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝမှတ်တမ်း အချက်အလက်တွေကို ကောက်ယူဖို့လည်း စတင်နေပါတယ်။

Source: Hindustantimes

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013