Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၁,၄၀၀ ကျော် သတ်ဖြတ်ခံရ
DVB
·
July 19, 2024

စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ အမျိုးသမီး ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေရဲ့ ၁၉  ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ ဇွန်လအထိ သေဆုံးသူ ၇,၃၂၂ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီအထဲ အမျိုးသမီးတွေ သေဆုံးခဲ့မှုက ၁,၄၄၇ ယောက်နဲ့ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၈ ရာခိုင်နှုန်း ရှိတာဖြစ်ပါတယ်။ တော်လှန်ရေးအတွင်း အသက်ပေးခဲ့ကြတဲ့ အမျိုးသမီးတွေအပြင် လက်ရှိ စစ်ရှောင်စခန်းတွေမှာ ရှိနေတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ကလည်း အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ မြန်မာအမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့ မဟာမိတ်ညှိနှိုင်းရေးမှူးက ပြောပါတယ်။

“နွေဦးတော်လှန်ရေးမှာ ပထမဆုံး အသတ်ခံရတာ အမျိုးသမီးဖြစ်တာပေါ့။ အမျိုးသမီးများ သတ်ဖြတ်ခံရတဲ့ အမှုသည်လည်း များစွာခံရသလို စစ်ဒဏ်ကြောင့် ခံစားရတဲ့ IDPs စာရင်းကိုလည်း ကြည့်လိုက်ရင် IDPs ရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ကျော်သည် အမျိုးသမီးနဲ့ ကလေးငယ်များ၊ နောက် သက်ကြီးရွယ်အိုတွေ ဖြစ်ကြတယ်။ တော်လှန်ရေးမှာ ရဲဝင့်စွာ အသက်ပေးသွားကြတဲ့ တော်လှန်အမျိုးသမီးများ၊ အာဇာနည်အမျိုးသမီးများကို လေးစားစွာ အလေးပြု ဂုဏ်ပြုအပ်ပါတယ်။”

စစ်တပ်က ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တာနဲ့ လက်နက်ကြီး လေကြောင်းတွေက ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာက စစ်ကိုင်းတိုင်းထဲမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေထဲမှာ ပြည်သူတွေ သတ်ဖြတ်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ကလေးက ၈၃၂ ယောက် စုစုပေါင်းရဲ့ ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ လူငယ် ၂,၀၃၂ ယောက် စုစုပေါင်းရဲ့ ၂၇ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့လည်း NUG အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီကို တော်လှန်ပုန်ကန်ရင်း အသက်ပေးခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ ကျရာကဏ္ဍတွေကနေ ပါဝင်နေကြတဲ့ အမျိုးသမီး အာဇာနည်တွေကိုလည်း ဂုဏ်ပြုကြောင်း အမျိုးသမီးအဖွဲ့တခုဖြစ်တဲ့ sister2sister အဖွဲ့က မသဥ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။

“အမျိုးသမီးတွေက ခေတ်ပြောင်းတော်လှန်ရေး အသီးသီးမှာ ကျရာကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိလည်း ပါဝင်နေကြပါတယ်။ ဒီလိုပါဝင်နေတာက အာဏာရှင်ကို အဓိက မောင်းနှင်နေတဲ့ မဟာဖိုဝါဒရဲ့ အကျိုးဆက်ကို ကောင်းကောင်း နားလည်နေကြလို့ပေါ့။ မဟာဖိုဝါဒ ခေါင်းထောင်နေသရွေ့ ကျမတို့ အမျိုးသမီးတွေ ဘယ်တော့မှ မလုံခြုံဘူး။ ကျမတို့ ပေးဆပ်မှုတွေက ခေတ်ပြောင်း စနစ်ပြောင်း အတွေးအခေါ်  အပြောင်းအလဲဆီကို ဦးတည်ကြပါတယ်။ အသက်ပေးပြီးတော့ တော်လှန်ခဲ့ကြ၊ ပါဝင်ခဲ့ကြ၊ ပါဝင်နေကြတဲ့ အမျိုးသမီးတွေ အားလုံးဟာ ကျမတို့အားလုံးရဲ့ မိခင်တွေ၊ တော်လှန်အာဇာနည်တွေ ဖြစ်ပါတယ်။”

၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၅,၀၀၀ နီးပါးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၆ လ အတွင်းမှာပဲ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၃,၀၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲ စစ်တပ်ရဲ့   တရားလက်လွတ် သတ်ဖြတ်ခြင်းက အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတာနဲ့ မတရားဖမ်းဆီးတာတွေလည်း ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013