Home
မြန်မာသတင်း
ရှမ်းတောင်တိုက်ပွဲ ၅ လကျော်အတွင်း အရပ်သား ၁၀၀ နီးပါး သေဆုံး
DVB
·
July 19, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ရပ်စောက်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတဲ့ ၅ လကျော်အတွင်း အရပ်သား ၉၆ ဦး သေဆုံးခဲ့ပြီး ၁၆၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ပါတယ်။

သေဆုံးသူ ၉၆ ဦးမှာ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၁၆ ဦးနဲ့ ကျား၊ မ အတည်မပြုနိုင်တဲ့ ၇ ဦး ပါဝင်ပြီး စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုနဲ့ အဖမ်းခံရပြီး သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ မနန်းက “အရပ်သား ၉၆ ဦး သေဆုံးမှုထဲ မတူညီတဲ့ပုံစံနဲ့ အသတ်ခံရတာ၊ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ရှမ်းတောင်ရဲ့ စစ်ပဋိပက္ခတိုက်ပွဲ အစောပိုင်းမှာ တွေ့ရှိရတဲ့ အရပ်သားသေဆုံးမှု အများဆုံးပုံစံက ရုတ်တရက် လေကြောင်းတိုက်ခိုက်မှုခံရတာ၊ ရုတ်တရက် လက်နက်ကြီး ပစ်ခတ်ခံရတာ ဖြစ်တယ်။ စစ်ပွဲတလကျော်လာပြီး နောက်ပိုင်းမှာ သတ်ဖြတ်ခံရတဲ့ပုံစံကို တွေ့ရှိလာပြီး နောက်ပိုင်းမှာ ဒရုန်းကြောင့်၊ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခြင်းရှိသလို အကြောင်းမဲ့ သတ်ဖြတ်ခြင်းတွေလည်း များလာပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ရှမ်းတောင်ဒေသခံ ၆၇,၈၀၀ ဦးလည်း ဒီနေ့ထိ ဘေးကင်းရာ စစ်ရှောင်နေရဆဲဖြစ်ပြီး အခုမိုးရာသီကာလမှာ တုပ်ကွေးဖြစ်ပွားတာ၊ ဝမ်းလျှောဝမ်းပျက် ဖြစ်တာလည်း များလာတယ်လို့ ပြောပါတယ်။

မနန်းက “စစ်ဘေးရှောင်ပြည်သူတွေက ကျန်းမာရေးဆိုင်ရာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးတွေ ရင်ဆိုင်ကြရပြီး စားနပ်ရိက္ခာတွေ၊ စောင်၊ အခင်းတွေလည်း ဆက်လက်လိုအပ်နေကြဆဲ ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ စစ်ဘောင်ပိုကျယ်လာပြီး စစ်ရှောင်ကြရတဲ့ ဒေသခံ ပြည်သူလည်း များသထက်များလာပြီး အကူအညီရရှိမှုကလည်း ပိုပိုနည်းလာတာကို တွေ့ရတယ်” လို့ ပြောပါတယ်။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားတဲ့ ၅ လကျော်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၄၆၉ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄,၂၀၂ ကြိမ်ရှိခဲ့ပြီး အရပ်သားနေအိမ် ၁,၀၃၅ လုံး၊ ဘာသာရေးအဆောက်အဦ ၃၀၊ စာသင်ကျောင်း ၁၄ ခု၊ လမ်းတံတား ၄ ခု၊ စျေးရုံစျေးခန်း ၄ ခု၊ စျေး ၁ ခုတို့လည်း တိုက်ပွဲအတွင်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ PYO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချက်အလက်တွေဟာ ဖေဖော်ဝါရီ ၂၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိဖြစ်ပြီး PYO လက်လှမ်းမီတဲ့ အချက်အလက်ပဲဖြစ်ကာ မြေပြင်သေဆုံးမှုက ဒီထက်ပိုများနိုင်တယ်လို့လည်း ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013