Home
မြန်မာသတင်း
မင်းကင်းတွင် အရပ်သား ၆ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
DVB
·
July 19, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာက အရပ်သား ၆ ဦးကို ဇူလိုင် ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လာရောက်သတ်ဖြတ်သွားတဲ့ စစ်သားတွေဟာ မင်းကင်းမြို့ပေါ်မှာ အထိုင်ချ တပ်စွဲပြီး တုမရရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ဒေသခံအရပ်သား ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

အသတ်ခံရတဲ့ အရပ်သားတွေက ဦးဝင်းဆွေ အသက် ၅၀ နှစ်၊ ဦးတင်ဝင်း အသက် ၆၀ နှစ်၊ ကိုချစ်ကို အသက် ၃၈ နှစ်၊ မလှလေးနွယ် အသက် ၃၈ နှစ်၊ မမျိုးမျိုးဝင်း အသက် ၃၈ နှစ်နဲ့ ကိုတူးနိုင် အသက် ၃၉ နှစ်တို့ ဖြစ်ပါတယ်။

ဒေသခံတဦးက“ စစ်ကောင်စီက ဘာလို့ အခုလို သတ်ဖြတ်သွားတာလဲဆိုတော့ ၆ ယောက်လုံးကို PDF သတင်းပေးလို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာ။ အမှန်တကယ်ရော သတင်းပေးလုပ်လားဆိုတော့ သာမန်အရပ်သားတွေပါ အစ်ကိုရာ။ လက်နက်ရှိလို့ ခေါင်းစဉ်အမျိုးမျိုးပြ သတ်ဖြတ်တာ။ ကျနော်တို့ရွာမှာ ဘယ်လက်နက်ကိုင် ဘယ် PDF မှ မရှိပါဘူး။ ဒေသခံတယောက်အနေနဲ့ ပြောရရင် စစ်ကောင်စီတပ်က PDF နဲ့ ဆက်သွယ်သတင်းပေးရင် အခုလို အသတ်ခံရမယ်ဆိုတဲ့ အကြောက်တရားကို ရွာသားတွေစိတ်ထဲ ရိုက်သွင်းလိုက်တာလို့ပဲ မြင်မိတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ လုံးဝမကျေနပ်နိုင်ဘူး” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်၊ တုမရကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းက ရွာတရွာ ဖြစ်တယ်လို့လည်း Student's Revolutionary Force (S.R.F) တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သတ်ဖြတ်ခံထားရတဲ့အထဲက ကိုတူးနိုင် အသက် ၃၉ နှစ်ကို ဓားနဲ့ထိုးသတ်ပြီး သေပြီအထင်နဲ့ ပစ်ထားခဲ့တာကို ကျနော်တို့ Student's Revolutionary Force (S.R.F) အဖွဲ့က သွားရောက်ကြည့်ရင်း အသက်မသေတာကို တွေ့ရလို့ ဆေးကုသ ပေးထားပါတယ်ဗျ။ ကိုတူးနိုင် ပြန်ပြောပြတာက ဇနီးဖြစ်တဲ့ မလှလေးနွယ် အပါအဝင် ကျန်လူတွေကို သူ့မျက်စိရှေ့တင် ဓားနဲ့လှီးဖြတ်ပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့တယ်လို့လည်း ပြောတယ်ဗျ။ ကျနော်တို့အဖွဲ့ကတော့ ပြည်သူဒုက္ခ‌ေရာက်ရင် အကူအညီပေးဖို့ အသင့်အနေထားပါပဲ။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းမှာ သတင်းဖြန့်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ်အတွင်း အခုလို စစ်တပ်က အစုလိုက် အပုံလိုက် အရပ်သားတွေကို သတ်ဖြတ်တာဟာ ပြီးခဲ့တဲ့ ဇွန်လ အဆင်မတောရွာကို လေယာဉ်နဲ့ပစ်လို့ အရပ်သား ၄၀ နီးပါး  သေဆုံးခဲ့တာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013