ဇူလိုင် ၁၉ ရက် ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့မှာကျင်းပရာ အာဇာနည်ကုန်း ပတ်ဝန်းကျင်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ မြို့လယ်က ဝန်ကြီးများရုံးတို့မှာ လုံခြုံရေး အစောင့်အရှောက် ထူထပ်စွာ ချထားပါတယ်။
ဒါ့အပြင် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်ရှေ့ကစလို့ ခြေကျင်သွားလာသူတွေကိုလည်း ဖြတ်သန်းခွင့် မပေးတော့ဘဲ ပိတ်ထားတဲ့အပြင် ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်းသစ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ မြောက်ဘက်မုခ်၊ သိမ်ဖြူလမ်း စတဲ့လမ်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ချိန်ကို မကြေညာထားဘဲ ပိတ်ထားပါတယ်။
ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဆက်စပ်ပတ်သက်ရာ ပြတိုက်နဲ့ အတွင်းဝန်ရုံးတွေကို ဖုန်းတွေယူမလာဖို့ အထူးတားမြစ်ထားပြီး ပြတိုက်တည်ရှိရာ နေရာကိုမရောက်ခင် ဗိုလ်ချိုလမ်းနဲ့ ပြတိုက်လမ်းထောင့်မှာပဲ ဖုန်းတွေကို စစ်ဆေး သိမ်းဆည်းနေပါတယ်။
ဗိုလ်ချုပ်ပန်းခြံရှေ့က ဗိုလ်ချုပ်ကြေးရုပ်အနီးမှာလည်း လုံခြုံရေးတွေကို ထူထပ်စွာ ချထားပါတယ်။
ရန်ကုန်မြို့ခံတဦးကတော့ အာဇာနည်နေ့ အထိမ်းအမှတ် နေရာတွေမှာ အများပြည်သူကို ဖုန်းကိုင်ဆောင်ခွင့်မပေးတာက အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရပုံရိပ်တွေကို ဖျောက်ပစ်စေလိုတာ မရှိတဲ့အတွက် အခုလိုဆောင်ရွက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
အာဇာနည်နေ့ အခမ်းအနား ကျင်းပပုံတွေကိုတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေးချန်နယ်လ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ကြိုတင်ကြေညာထားပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကောင်စီရဲ့ အဓမ္မ အကျဉ်းချထားတာ ခံနေရတဲ့အတွက် ဖခင်ဖြစ်သူကို အာဇာနည်ကုန်းမှာ သွားရောက်ဂါရဝပြုခွင့် မရခဲ့ပါဘူး။
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မနက် ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ချထားတဲ့ကြားကနေ “ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ” ပါ စာတန်းချိတ်ဆွဲကာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) လူငယ်တွေက လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။