ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ အများပြည်သူတွေရှိနေတဲ့ဈေးကို ဇူလိုင် ၁၈ ရက် ညနေပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရကာ သေဆုံးသူတွေလည်း ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက "မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၅ နာရီဝန်းကျင်ခန့်က Y12 နဲ့ သိန္နီမြို့မှာ ၄ ကြိမ် ဝဲပြီး ဗုံးလာကြဲသွားတယ်။ သိန္နီဈေးမှာ လာကျတဲ့ ဗုံးက ပြည်သူ အယောက် ၂၀ ကျော် ထိသွားတယ်" လို့ ပြောပါတယ်။
ဈေးမှာ ဖြစ်တာကြောင့် ညနေပိုင်း ဈေးရောင်းသူ ဝယ်သူတွေ စည်ကားနေချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်ဒေသခံတဦးက "ဟုတ်တယ်။ မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီကျော် ဝန်းကျင်ခန့်က သိန္နီဈေးမှာ လေကြောင်း ဗုံးလာကြဲတာ။ အဲဒါကြောင့် လူ အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာ ရသွားသူတွေရာ၊ သေဆုံးသူတွေရောပဲ။ ကွတ်ခိုင် ဆေးခန်းဘက်လည်း လူနာတွေ သယ်လာတယ်။" လို့ ပြောပါတယ်။
ဈေးမှာ လာကြဲတာကြောင့် ဈေးဆိုင်ခန်းတွေ အကုန်ကြေမွ ပျက်စီးသွားပြီး လူဘယ်လောက် သေဆုံးလဲ၊ ဘယ်လောက် ဒဏ်ရာရလဲ ဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတွေကတော့ စစ်ရေးဗျူဟာအရ အနီးနားဝန်းကျင်မှာ MNDAA စစ်သားတွေ စောင့်ကြပ်၊ သွားလာ လှုပ်ရှားနေတာကြောင့် ဗုံးကြဲတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ပြည်သူတွေကို ထွက်သွားဖို့ သတိပေးထားကြောင်း လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
သိန္နီမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးလာကြဲတာ ၃ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။