Home
မြန်မာသတင်း
မိုးကုတ်မြို့ပေါ်ရှိ  စစ်ကောင်စီ တပ်စခန်း ၃ ခုကို   TNLA သိမ်းပိုက်ရရှိ 
DVB
·
July 19, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ တပ်စွဲထားတဲ့  စည်ပင်သာယာ ရပ်ကွက်ရှိ ရေကန်တောင်စခန်း၊ ညောင်သုံးပင်ရပ်ကွက်ရှိ တာဝါတိုင်စခန်း၊ ဘီးတောင်ရပ်ကွက်ရှိ ပတ္တမြားစေတီစခန်းတို့ကို ဇူလိုင် ၁၈ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း တချို့သိမ်းပိုက်ရရှိခဲ့တယ်လို့  TNLA ဘက်က သတင်းထုတ်ပြန် ပါတယ်။ 

မိုးကုတ်မြို့အရှေ့ပိုင်းမြို့ပေါ်ရပ်ကွက်တွေမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးစထိမှန်တာ ကြောင့် မင်းတံတားရပ်ကွက်က အမျိုးသား ၂ ဦး၊ ကုန်းမြင့်သာယာရပ်ကွက်က အမျိုးသား ၄ ဦး ၊ စျေးသစ်ရပ်ကွက် နီလာစျေးကြီးအနီးက အမျိုးသားတဦး၊ စည်ပင်သာယာရပ်ကွက်က အမျိုးသား ၂ ဦးနဲ့ ရွှေပြည်ဟိန်းကားဂိတ်က အမျိုးသားတဦး စုစုပေါင်း ၁၀ ဦး တရက်တည်းမှာ သေဆုံးခဲ့တယ်လို့ မြို့ခံ အမျိုးသမီး တဦးက ပြောပါတယ်။ 

"မနက် ၈ ခွဲလောက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေက ဆက်တိုက်ပစ်နေတာ၊ ရပ်ကွက်တွေပေါ်မှာလည်း ဟိုရပ်ကွက်ပေါ်ကျပြီး လူထိလိုက်၊ ဒီရပ်ကွက်ပေါ်ကျလည်း လူထိတာရှိလာတယ်ဆိုတော့ ဘယ်ချိန်ကိုယ့်ကို လာထိမလဲဆိုတာကို ကြောက်နေရတယ်။ တနေကုန်လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတော့ နားလည်းအူနေပြီ။” 

မိုးကုတ်မြို့မှာတိုက်ပွဲ ကာလအတွင်း ဒေသခံပြည်သူတွေတိမ်းရှောင်ခွင့်မရဘဲ မြို့တွင်းနေအိမ်တွေမှာပဲ  ပိတ်မိနေတာပါ။  တိုက်ပွဲတွေပြင်းထန်နေချိန် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေရှိတဲ့ ရပ်ကွက်ထိပ်နဲ့ သာသနာ့အဆောက်အဦတွေမှာ  တပ်စွဲအထိုင်ချထားတာတွေ ရှိပါတယ်။

မြို့တွင်းမှာ တပ်စွဲထားတဲ့တပ်စခန်းတွေ တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်က သူတို့ရဲ့ အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေပစ်ကူတာတွေကြောင့် လူနေရပ်ကွက်တွေပေါ်ကို လက်နက်ကြီးကျပေါက်ကွဲနေတာလို့ မြို့ခံတွေက ပြောပါတယ်။ 

DVB က ကောက်ယူရရှိထားတဲ့ စာရင်းအရ လက်နက်ကြီးစထိမှန်တာကြောင့် ဇူလိုင် ၈ ရက်မှ ၁၈ ရက်အထိ ၁၀ ရက်တာကာလအတွင်း ပြည်သူ ၂၁ ဦးထိခိုက်သေဆုံးခဲ့ရသလို လူနေအိမ်တချို့လည်း မီးလောင်ပျက်စီး ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024