မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပတ်ပတ်လည်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ မြို့ပေါ်ရပ်ကွက်တွေထဲထိ ရောက်လာပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေပါသုံးပြီး တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်လာပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မိုးကုတ်အနောက်ခြမ်း (ကျပ်ပြင်) ဘက်ကို သိမ်းပိုက်အပြီး မိုးကုတ်အရှေ့ခြမ်းကိုပါ ထိုးစစ်ဆင်လာပါတယ်။
ဇူလိုင် ၁၇ နဲ့ ၁၈ နှစ်ရက်လုံး မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေပြီး ပူးပေါင်းတပ်တွေအနေနဲ့ မြို့ကိုရဖို့ နီးစပ်လာကြောင်း မြို့ခံက ပြောပါတယ်။
မိုးကုတ်မြို့ခံ အမျိုးသားတဦးက “ဗုံးတွေနဲ့ပစ်လိုက်၊ ဒရုန်းတွေနဲ့ ချလိုက်ပဲ အစ်ကို။ မြို့ပတ်ပတ်မှာပဲ ဖြစ်နေတာ။ မြို့ရဲ့ အရှေ့ဘက်အခြမ်းရယ်၊ အနောက်ပိုင်းဘက်ထွက်တဲ့ ဘက်ရယ်၊ ရေပူ၊ ညောင်သုံးပင်ဘက်ပေါ့။ ဗျူဟာကုန်း အနောက်ဘက်ကပေါ့။ အဲဘက်တွေ အကုန် တိုက်ပွဲဖြစ်နေတာ။ လေးမျက်နှာဘုရားပေါ်ကနေ ဒီကောင်တွေ ဆင်းပြေးတာ အစ်ကို။ ဘီးတောင်ရပ်ကွက်ရဲ့ အပေါ်မှာရှိတဲ့ ဘုရားပေါ့။ အခုအခြေအနေကဆိုရင်တော့ လေးမျက်နှာဘုရားဘက် မရှိတော့ရင် မိုးကုတ်အရှေ့ခြမ်းတခြမ်းလုံးကတော့ စစ်တပ်ကတော့ မရှိတော့ဘူး။ အင်းရဲ့ အရှေ့ဘက်ခြမ်းတော့ လုံးဝမရှိတော့လောက်ဘူး” လို့ ပြောပါတယ်။
မိုးကုတ်အကျဉ်းထောင်ဘက်ကလည်း တိုက်ပွဲသံတွေ ကြားနေရပြီး မြို့ခံတွေကတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေ၊ ကတုတ်ကျင်းတွေနဲ့ တချို့ကတော့ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
TNLA ပြောခွင့်ရသူ လွေးယေဦးက “ဒီနေ့ရတဲ့ သတင်းအရ ဆိုရင်တော့ မိုးကုတ်ဘက်မှာဆိုရင် ရေကန်တောင်မှာ တိုက်ပွဲဖြစ်မယ်။ ပတ္တမြားစေတီအနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရှိပါတယ်။ အရှေ့ပိုင်းဆိုရင်တော့ ကျန်ဦးမှာပါ ခလရ ၇၁၊ ၈၈ ပေါ့နော်၊ ခလရ ၁၄၈ နဲ့ ဗျူဟာကုန်းတပ်စခန်းတွေ ကျန်ဦးမှာဖြစ်တယ်” လို့ ပြောပါတယ်။
အခုလိုမျိုး လူနေရပ်ကွက်၊ ကျေးရွာတွေနဲ့ မြို့ပေါ်ထိ တိုက်ပွဲတွေဖြစ်လာတာကြောင့် အရပ်သားထိခိုက်မှုတွေလည်း တိုးလာနေပါတယ်။
ဖုန်းလိုင်းနဲ့ အင်တာနက် အခက်အခဲကြောင့် ဇူလိုင် ၁၈ ရက် ထိခိုက်မှုကို မသိရသေးပေမဲ့ ဇူလိုင် ၁၇ ရက် တရက်တည်း အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မြို့ခံအမျိုးသမီးက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင် ၈ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ DVB က လက်လမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တဲ့ အရပ်သား ၁၀ ဦး ရှိနေပါတယ်။
မြို့အဝင်အထွက် လမ်းတွေကိုလည်း တင်းကျပ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာရပြီး ကုန်ဈေးနှုန်းတွေကပါ အဆမတန် မြင့်တက်လာတာကြောင့် ကျပ်ပြင်ဘက်မှာဆိုရင် အရေးပေါ်အကူအညီတွေ လိုအပ်နေပြီလို့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေသူတွေက ပြောပါတယ်။
စိုးသူအောင်