Home
မြန်မာသတင်း
မတ္တရာတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကို MDY-PDF ထပ်မံသိမ်းပိုက်
DVB
·
July 17, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီး သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

MDY-PDF တာဝန်ခံတဦးက “ကျနော်တို့ စိုးမိုးနယ်မြေဖြစ်တဲ့ မတ္တရာမြို့နယ်ထဲက တောင်တံငါတပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းတွေကို အပြီးသတ် ထပ်မံသိမ်းပိုက် ရရှိခဲ့တာပါ။ စစ်သားအလောင်းတွေ တွေ့ရှိခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ထပ်မံဖမ်းဆီးရရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ ကျောက်တံတားတပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဇွန် ၂၅ ရက်က စတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ ဇူလိုင် ၁၆ ရက်အထိ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

MDY-PDF ပြောရေးဆိုခွင့်ရှိသူတဦးက “စစ်ကောင်စီတပ်သားတွေဟာ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းကနေ ဆုတ်ခွာထွက်ပြေးသွားကြပြီး ထွက်မပြေးခင် စက်ရုံအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးသွားကြတာကတော့ ထူးခြားချက်တခုပေါ့ဗျာ” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ စခန်းသာတပ်စခန်း၊ ကျောက်မဏ္ဍပ်တပ်စခန်း၊ စပါးကျည်တောင်တပ်စခန်း၊ ကျောက်ကြမ်းတောင်တပ်စခန်း၊ ငွေပုထိုးတပ်စခန်း၊ ရှင်မတောင်တပ်စခန်း၊ နဂါးပတ်တပ်စခန်း၊ နွားခြံကုန်းတပ်စခန်း၊ ဝန်တင်ကုန်းတပ်စခန်း၊ လက်သန်းတောင်တပ်စခန်း၊ ခြေတော်ရာတပ်စခန်း၊ ကိုရင်လေးတောင်တပ်စခန်း၊ ကင်းရွာတပ်စခန်း၊ ဆည်တော်လမ်းခွဲတပ်စခန်း၊ ရေနံ့သာတိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ ပတ်လည်အင်းတပ်စခန်း၊ မြောက်တံငါတပ်စခန်း၊ တောင်တံငါတပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၂၈ ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားကာ ဆက်လက်ပြီးလည်း သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ MDY-PDF ကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013