Home
မြန်မာသတင်း
လားရှိုးနှင့် စဉ့်ကူးမြို့တို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
July 17, 2024

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၁၆ ရက် မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “အခုလေးတင် (ညနေ ၄ နာရီကျော်) ရပ်ကွက် ၅ အပေါ်ဘက်က နမ့်ကျန် ဆိုတဲ့ ပလောင်ရွာမှာ ဂျက်လေယာဉ် ၂ စီးနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်” လို့ ပြောပါတယ်။

လားရှိုးတက္ကသိုလ်နားနဲ့ ရမခ အဝင်ပေါက်ဝနားမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ ချထားပြီး အဲဒီနေရာတွေကနေ တိုက်ပွဲဖြစ်ရာ မြို့စွန်ဘက်ကို လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင် ၁၆ ရက် မနက်မိုးမလင်းခင်ကတည်းက လားရှိုးကနေ မန္တလေးဘက်အထွက် နားမခေါ်၊ နတ်ရေကန်၊ နမ့်ခိုက် စတဲ့နေရာတွေဘက် ဦးတည်ပြီး လက်နက်ကြီး အပြင်းအထန် ပစ်နေပြီး မယ်ဟန်ဘက် ပစ်နေတာ ပိုများတယ်လို့ သူက ရှင်းပြပါတယ်။

ဒေသခံ နောက်တဦးက “လောလောဆယ် နားမခေါ်ဘက်ပဲ အားစိုက်ပြီး ပစ်နေကြတယ်။ တမနက်လုံးလည်း အဲဘက်ကို ပစ်နေကြတယ်။ နေ့လယ် ၁ နာရီထိ လေယာဉ် ၃ စီးရှိပြီ။ နားမခေါ်ဘက်မှာလည်း ချတယ်၊ ပြီးရင် လွယ်ပြေဘက်မှာလည်း ချနေတာပဲ” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်တလုံးက ရပ်ကွက် ၁၊ ဟိုပန်လမ်းထိပ်က တက္ကသိုလ်အဆောင်ရှေ့မှာ ကျပေမဲ့ ဇူလိုင် ၁၅ ရက်ညက မိုးအရမ်းရွာထားလို့ မြေပျော့မှာ လာကျတာကြောင့် ပေါက်ကွဲအား မပြင်းဘဲ လူထိခိုက်မှုတော့ မရှိဘူးလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ခန့်က မယ်ဟန်ဘက်မှာ လေယာဉ်ဗုံးလာကြဲတာလည်း ရှိတယ်လို့ ဆိုပါတယ်။

MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က လားရှိုးမြို့ထဲက စစ်ကောင်စီတပ်စခန်းတခုကိုမှ ပြတ်ပြတ်သားသား သိမ်းပိုက်လိုက်နိုင်တာမျိုး မရှိသေးပေမဲ့ လားရှိုးမြို့ပြင် မယ်ဟန်၊ ကွန်ပျူတာတက္ကသိုလ်၊ နမ့်ကျန်၊ ဟိုပိတ်၊ မိုင်းတင် စတဲ့နေရာတွေဘက်မှာ နေရာယူထားနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကိုလည်း စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက် နေ့ခင်း ၁၂ နာရီက စတင်ကာ ညပိုင်း ၉ နာရီအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ စဉ့်ကူးပကဖ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

လာရောက်ဗုံးကြဲတဲ့ လေယာဉ်တွေဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ဗုံးကြဲနေတာလို့ စဉ့်ကူးပကဖခေါင်းဆောင် ကိုတိုးကြီးက ပြောပါတယ်။

“စဉ့်ကူးမြို့ထဲကို ကျနော်တို့ ရှင်းလင်းရေးဝင်တာကို လေကြောင်းကနေ ဗုံးကြဲတိုက်တာ ဟုတ်ပါတယ်ဗျ။ ဟိုနားကလည်း အုန်း၊ ဒီနားကလည်း အုန်းနဲ့ဆိုတော့ ချတဲ့ အလုံးအရေအတွက်ကတော့ မမှတ်မိတော့ဘူး အစ်ကိုရေ။ ရှင်းလင်းရေးအဖွဲ့တွေကတော့ အထိအခိုက် မရှိပါဘူးဗျ။ ပြည်သူတွေကတော့ ထိခိုက်‌သေဆုံးတာတော့ ရှိတယ်။ ပြည်သူ့အိမ်တွေလည်း ပျက်စီးတယ်။ သူတို့ အများဆုံးချတာတော့ ရပ်ကွက် ၁ ထဲကို အများဆုံး ချတာဗျ။ ဘာလို့ အဲလို ဗုံးချတာလဲဆိုတော့ သူတို့ စွန်ခွာသွားတဲ့စခန်းက ကျန်ခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေ တော်လှန်ရေးအဖွဲ့တွေ မရအောင် ဖျက်ဆီးတာ ဖြစ်မယ်ဗျ။ သူတို့စခန်းကို ဖျက်ဆီးတယ်ဆိုပေမဲ့ လေယာဉ်ပေါ်ကနေ ပစ်ချတဲ့ ပစ်မှတ်က မတိကျတော့ ပြည်သူတွေ နေတဲ့ ရပ်ကွက်တွေထဲ ကျတာ။ အခုညပိုင်း ၈ နာရီကချတဲ့ ဗုံးဆိုရင် ပေါင် ၂၀၀ ရှိတဲ့ မီးလောင်ဗုံး ဖြစ်ဖို့များမယ်ဗျ။ အခု အမှတ် ၁ ရပ်ကွက်ထဲက ကံကြီးကျောင်းရဲ့ အနောက်ဘက်က အိမ်တွေ မီးလောင်နေတယ်။ အသေးစိတ် အပျက်အစီးကတော့ မနက်ဖြန်မှ အတိအကျ ပြောပေးမယ်။ အခုလည်း စဉ့်ကူးတောင်ဘက်က ပျူရွာတွေက မီးကျည်တွေဖောက်ပြီး စစ်ကောင်စီ လေယာဉ်တွေကို အကူအညီ တောင်းခံနေတာတွေ မြင်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း Y12 လေယာဉ်ပေါ်ကနေ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ချပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စဉ့်ကူး‌‌မြို့တောင်ဘက်မှာရှိတဲ့ မြေတော်၊ ဒိုးပင်ကုန်း၊ ညောင်ပင်ကူး စတဲ့ကျေးရွာတွေဟာ စစ်တပ် ထောက်ခံတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024