Home
ရုပ်သံ
အေလာလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခံရပြီးနောက် အရပ်သားအချို့ ဖမ်းဆီးခံရ 
DVB
·
July 17, 2024

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အေလာလေတပ်စခန်း ဇူလိုင် ၁၆ ရက် မနက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခံရပြီးနောက် ညနေမှာ အမျိုးသား ၂ ဦး ဖမ်းဆီးခံရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

အေလာလေတပ်စခန်းကို မနေ့ မနက် ၈ နာရီခွဲလောက်က ၄ ကြိမ်တိုင် ပစ်ခတ်ခံရပြီး လေတပ်အတွင်းပျက်စီးမှုတချို့ရှိခဲ့တဲ့အတွက် စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်သူကို လိုက်လံရှာဖွေခဲ့တယ်လို့   လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"မနေ့မနက်က ဖြစ်တာ အပြင်ကို  ၂ လုံး၊ အထဲကို ၂ လုံးကျတယ်။ အထဲကျပြီးပေါက်တဲ့ ရှောတိုက်ဒုံး ၂ လုံးကြောင့် ပျက်စီးမှု တချို့ရှိတယ်။ ၂ ယောက် ဖမ်းထားတယ်။”

ပစ်ခတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့  အေလာလေတပ်စခန်းက  နေပြည်တော်တိုင်းစစ်ဌာနချုပ်ကို တင်ပြပြီး ညနေ ၄ နာရီမှာ ဆိုင်ကယ်စီးလာသူအမျိုးသား ၂ ယောက်ကို  ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

"လေတပ်က လူတွေနဲ့လေဆိပ်က  လုံခြုံရေးတွေပေါင်းပြီး အရပ်သား ၂ ဦးကို ဖမ်းပြီး PDF ဆိုပြီး လယ်ဝေးရဲစခန်းကို ပို့လိုက်တယ်။ PDF ဟုတ် မဟုတ် သေချာမသိဘူး။”

ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ လေတပ်အရာရှိ ၄ ဦး အပါအ၀င် ၁၆ ဦးထက်မနည်းသေဆုံးကာ ဂျက်တိုက်လေယာဥ် ၂ စီးအပါအ၀င် လေယာဥ် ၃ စင်းပျက်စီးပြီး လေတပ်အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့တယ်လို့ Mountain Knights Civilian Defense Force-MKCDF (တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့) ဆီကနေ သိရပါတယ်။

MKCDF ရဲ့ တာ၀န်ခံတဦးက “စပစ်လိုက်တာတော့ ၁၀၇ မမ ရှော့တိုက် ၇ လုံးပါဗျ။ ၂ လုံးက အဆင်မပြေ ဖြစ်သွားတယ်။ ၅ လုံးကတော့ ပစ်မှတ်ထဲ အတိအကျပဲ။ ဒီလေယာဥ်ကွင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ ကရင်နီဒေသနဲ့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့အပြားကပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အနိုင်ကျင့်ရာမှာ အထူးအားထားရတဲ့လေဆိပ် ဖြစ်ပြီး အခြေအနေမကောင်းတဲ့အခါ စစ်ဗိုလ်ချုပ်တွေ ပြည်ပထွက်ပြေးဖို့ အားထားရတဲ့လေတပ် ဖြစ်လို့ စစ်ဗိုလ်ချုပ်တွေအတွက် ပြေးပေါက်မရှိအောင်လည်း ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်”လို့ DVB ကိုပြောပါတယ်။

ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အေလာလေတပ်စခန်းက လေတပ်အရာရှိ ၄ ဦးနဲ့ အခြားအဆင့်စစ်သည် ၁၂ ဦး သေဆုံးကာ  A-5 ဗုံးကြဲလေယာဉ် ၁ စီး သုံးမရတော့လောက်အောင် ပျက်စီးသွားပြီး  ဂျက်တိုက်လေယာဉ် ၁ စီးလည်း ခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကာ Y-12 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စီးလည်း ထိခိုက်ပျက်စီး​သွားတယ်လို့ ဆိုပါတယ်။

MKCDF ပြောရေးဆိုခွင့်ရှိသူတဦးက “ထိခိုက်သေဆုံးမှု အများအပြားပါပဲ။ တခြားပျက်စီးမှုတွေဆိုရင်တော့ အဆောက်အဦ ၄ လုံး၊ လက်နက်ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေးအပိုပစ္စည်းဂိုဒေါင်ရုံတို့ကတော့ မီးလောင်ပျက်စီးသွားတယ်။ လေတပ်အရာရှိ ၃ ဦးနဲ့ အခြားအဆင့် ၇ ဦးနီးပါးလည်း ပျောက်ဆုံးနေ​တယ်လို့ သိထားရတယ်။ ကနဦး သိထားတာပဲရှိပါသေးတယ်” လို့ ပြောပြပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နဲ့ Mercury Revolution Force (MRF) သည် Brave Warriors for Myanmar (BWM) အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်နေတဲ့ လေတပ်ချေမှုန်းရေးစီမံချက် အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော် အေလာလေတပ်ကို ၅ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုမှာပါ၀င်ခဲ့တဲ့ ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အေလာလေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ အေလာလေဆိပ် အနီးက ကျေးရွာတွေထဲကို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၁၅ ဦးထက်မနည်းကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွား​သလို ဧလာမြို့ပေါ်နဲ့ အနီးတ၀ိုက်မှာ လုံခြုံရေးတင်းကျပ်နေတယ်လို့  မြို့ခံတွေထံက သိရတယ်။

အေလာလေတပ်စခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆို လာတာ မတွေ့ရသေးသလို ထိခိုက်သေဆုံးသူ အရေအတွက်ကိုလည်း  DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လယ်ဝေးမြို့ရှိ အေလာလေတပ်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကလည်း  Brave Warriors for Myanmar (BWM) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013