မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဆိုင်ကယ်နဲ့ သွားထောက်လှမ်းတဲ့ တောင်ညိုစစ်ကြောင်းက PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။
သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအနီးမှာ ဇူလိုင် ၁၅ ရက် မနက်အစောပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကင်းထောက်ဖို့သွားတဲ့ တောင်ညိုစစ်ကြောင်းက ရဲဘော်တဦးကို ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပါတယ်။
တောင်ညိုစစ်ကြောင်းက ကင်းထောက်သွားတဲ့ ရဲဘော်တဦးနဲ့ အဆက်အသွယ် မရတော့တဲ့အတွက် နောက်ထပ်ရဲဘော်တဦးက ဆိုင်ကယ်နဲ့ လိုက်သွားကြည့်တဲ့အခါ စစ်တပ်စစ်ကြောင်းနဲ့ လမ်းမှာဆုံပြီး ပြန်လှည့်ပြေးပေမဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပြီး M38 သေနတ်တလက်၊ ကျည်နဲ့ ဆိုင်ကယ်ကို ယူဆောင်သွားပါတယ်။
တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတဦးက “မနေ့က စစ်တပ်က ပစ်သတ်ခဲ့တာက တောင်ညိုစစ်ကြောင်းက ရဲဘော်တွေပါ။ ပထမတယောက်က သတင်းသွားထောက်မယ်ဆိုပြီး သွားတာ စစ်တပ်ကင်းပုန်းနဲ့တွေ့ပြီး ဖမ်းခံရပြီး ပစ်သတ်ခံရတယ်။ နောက်တယောက်က အဲ့အဖြစ်အပျက်ကို မတွေ့ရဘဲ ဒီကရဲဘော်တွေလည်း စောင့်နေတော့ သွားကြည့်ပေးတာ။ ကားလမ်းပေါ်မှာ စစ်တပ်စစ်ကြောင်းကိုတွေ့တော့ သေနတ်တချက်ပစ်ပြီး ပြန်လှည့်ပြီးပြေးတာ။ ဟိုဘက်ကပစ်တော့ သေသွားတယ်။ ခုချိန်မှာတော့ ကိုယ့်ရဲဘော်တွေလည်း ထိခိုက်ထားတာဆိုတော့ စိတ်တွေ အဆင်မပြေတော့ ဖြစ်တာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဇူလိုင် ၁၅ ရက်မှာကော ၁၆ ရက်မှာပါ တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေတော့ မသိရသေးပါဘူး။
စစ်တပ်စစ်ကြောင်းက အနီးနားကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းတာနဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မွန်ပြည်တောင်ပိုင်းမှာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြည်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကောင်စီက အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။