မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဇူလိုင် ၁၄ ရက် တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် မစိုးရိမ်ကျောင်းတိုက်က ကိုရင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး စစ်တန်းရပ်ကွက်က အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းမြေ့သာယာနဲ့ ဗမွန်သုသာန်ကြားမှာ ဇူလိုင် ၁၄ ရက်က နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မြို့တွင်း စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တာ ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မစိုးရိမ်ကျောင်းတိုက်က ကိုရင် ၃ ပါးတော့ လက်နက်ကြီးစမှန်ပြီး ပျံလွန်တော်မူတယ်၊ တပါးကို မနေ့က သင်္ဂြိုဟ်တယ်၊ ဘုန်းကြီးကားနဲ့ပဲ မြန်မြန်သင်္ဂြိုဟ်တယ်။ မစိုးရိမ်မှာရှိနေတဲ့ စစ်တပ် သတင်းဖုံးထားတယ်” လို့ ဖြစ်စဥ်သိရှိသူ အရှေ့ပိုင်းမြို့ခံက ပြောပါတယ်။
မစိုးရိမ်ကျောင်းတိုက်က ကိုရင် ၃ ပါး လက်နက်ကြီးစမှန်ပြီး ပျံလွန်တော်မူပြီးနောက် ကျောင်းက ဆရာတော်တွေ တခြား မြို့တွင်းကျောင်းတခုမှာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း စစ်တန်းရပ်ကွက်က အမျိုးသမီးတဦးလည်း ဇူလိုင် ၁၄ ရက်မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ တိုက်ပွဲအတွင်း ဆေးရုံတွေမှာ ဆရာဝန်လုံလောက်မှု မရှိတာကြောင့် လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေအပြင် လူနာတွေ ဆေးကုသဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့တွင်း အပြင်ဆေးခန်းတွေမှာပဲ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ကုသနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။