တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ရရှိထားတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စဥ့်ကူးမြို့ပေါ်က လူနေအိမ် အများအပြား မီးလောင်ပျက်စီးကုန်တယ်လို့ သိရပါတယ်။
မြေပြင်သတင်းမှန်ပြန်ကြားရေး (စဉ့်ကူးမြို့) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “PDF အဖွဲ့တွေက စဥ့်ကူးမြို့ကို သိမ်းနိုင်သွားတဲ့ အနေအထားမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာပဲ။ မြို့ပေါ်က လူနေအိမ်တွေ တော်တော်လေး မီးလောင်ပျက်စီးကုန်တယ်ဗျ။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ မကြားမိသေးဘူး” လို့ DVB ကို ပြောပြပါတယ်။
PDF တပ်တွေက စဥ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြပြီးတဲ့နောက် ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ စစ်ကောင်စီတပ်က စဥ့်ကူးမြို့ပေါ်ကို လေကြောင်းကနေ Y12 အမျိုးအစား လေယာဥ်နဲ့ ဗုံးအလုံးပေါင်း ၄၀၀ နီးပါး ကြဲချခဲ့တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြရတာ ဖြစ်ပါတယ်။
စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ဘက်က စစ်တပ်အရာရှိတွေ အပါအဝင် စစ်သားအများအပြားနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်က သိမ်းဆည်းရရှိထားတယ်လို့ စဥ့်ကူးမြို့ခံတဦးဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ဝင်တဦးက “မြို့ပေါ်မှာ စစ်သားတွေနဲ့ ရုံးဝန်ထမ်းတွေ မရှိကြတော့ဘူး။ မြို့ပေါ်မှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေပဲ ရှိတယ်။ သူတို့ဘက်က ဗုံးကြဲတော့ မြို့က အိမ်အတော်များများ ပျက်စီးကုန်တယ်။ ကျောက်တိုင်အနောက်ဘက် နေအိမ်နဲ့ စျေးဆိုင်တွေ၊ မြို့လယ်ခေါင်နဲ့ အောက်ဝဲရပ်ကွက်တွေကတော့ နေအိမ်တွေ မီးလောင်ပြီး အဆိုးဝါးဆုံး ပျက်စီးတယ်။ အခုချိန်မှာတော့ အတိအကျ ဘယ်ပြောနိုင်မလဲဗျာ” လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ထားတဲ့ စဥ့်ကူးမြို့အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးပါဘူး။
DVB က စဥ့်ကူးမြို့အခြေအနေကို အသေးစိတ်သိရှိနိုင်ဖို့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးဆီကို ဆက်သွယ်မေးမြန်းရာမှာ “အခြေအနေအရ မဖြေကြားပေးနိုင်သေးတာ နားလည်ပေးပါ။ အချိန်တန်ရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ” လို့သာ ပြန်လည်ဖြေဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စဥ့်ကူးမြို့က ဒေသခံပြည်သူ အများစုဟာလည်း အခုလဆန်းပိုင်းကတည်းက နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြပါတယ်။
ဇွန် ၂၅ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ စဉ့်ကူးမြို့နယ်ထဲက ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်စခန်း၊ ရွာတော်လေး တပ်စခန်း၊ နွယ်ရုံရဲစခန်း၊ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်းနဲ့ ပင်လယ်ကြီး တပ်စခန်း ၁၁ ခု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသေးတဲ့ စစ်ရေးပစ်မှတ်တွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။