Home
မြန်မာသတင်း
ကော့သောင်းတွင် စစ်တပ်က ပြည်သူ့နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး
DVB
·
July 19, 2024

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မလိဝမ်းဒေသ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်တဲ့အပြင် ကျေးရွာထဲ စစ်ကြောင်းထိုးကာ အရပ်သားပြည်သူနေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ခလရ ၂၆၂ တပ်က ဦးစီးပြီး ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်က ဇူလိုင် ၁၅ ရက် မနက် ၁၁ နာလောက်က ခမောက်ငယ်ရွာအုပ်စုရှိ ရွာသစ်ရွာထဲကို စစ်ကြောင်းထိုးလာပြီး ရွာထဲက အရပ်သားပြည်သူနေအိမ် ၁၅ လုံးခန့်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “တချို့အိမ်တွေပေါ်မှာ လူတွေရှိတော့ သူတို့ (စကစ) က မင်းတို့ အိမ်ပေါ်မှာ မနေကြနဲ့၊ အိမ်ပေါ်ကဆင်းခဲ့ဆိုပြီး ဘာညာပြောပြီးတော့မှ မီးရှို့လိုက်တာပါ။ အခု အိမ်တွေမီးရှို့ခံထားရတော့ အဆင်ပြေသလို ရှောင်တိမ်းနေနေကြရတာပေါ့” လို့ ပြောပါတယ်။

အဲဒီမတိုင်ခင် အခု ဇူလိုင် ၁၅ ရက်က ခမောက်ငယ်ရွာအုပ်စုရှိ ပျိုးခင်းရွာ စာသင်ကျောင်းမှာ စစ်ကောင်စီက  အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်လာစွဲထားပြီးနောက် ရွာသစ်ရွာဘက်ကို အင်အား ၃ဝ ခန့်နဲ့ ထွက်ခွာလာတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်မီးရှို့ပြီး နောက်တနေ့ ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ ခမောက်ကြီးမြို့ဘက်ကို ထွက်သွားတယ်လို့ ပြောပါတယ်။

နေအိမ်တွေကို မီးလာမရှို့ခင်က မနက် ၈ နာရီခန့်မှာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပျိုးခင်းရွာထဲကို လက်နက်ကြီး ၅ လုံး ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပြီး ရာဘာခြံထဲ ကျရောက်ပေါက်ကွဲကာ ခြံထဲကအပင်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ရွာခံတဦးက ပြောပါတယ်။

ရွာခံတဦးက “လူတွေတော့ ထိခိုက်သွားတာ မရှိပါဘူး၊ ရာဘာထဲကိုပဲ ကျသွားတာပါ။ စာသင်ကျောင်းမှာ တပ်လာစွဲထားတာ တပ်ပေါင်းစုံပဲ၊ ၂၆၂ တပ်တို့ ၂၈၈ တပ်တို့ရောပဲ” လို့ ပြောပါတယ်။

အဲဒီနေ့တုန်းက ရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာမျိုး မရှိဘူးလို့ ဒေသခံပြည်သူတွေက ပြောကြပြီး ဘာကြောင့် အခုလို မီးလာရှို့သွားတယ် ဆိုတာကိုလည်း မသိလိုက်ရကြောင်းနဲ့ အရပ်သားပြည်သူ ဖမ်းဆီးရိုက်နှက်ခံရတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

အခုနှစ် ဧပြီ ၃ ရက်ကလည်း ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာဒေသဘက်က ဝိုင်ဒင်းရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် နေအိမ် ၆ လုံးနဲ့ ဥယျာဥ်ခြံတခြံ ထိခိုက်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013