ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့် တက်ဝင်ရောက်လာလို့ စာသင်ကျောင်း ၂၄ ကျောင်း ထပ်မံပိတ်လိုက်ရပြီး ပိတ်ထားရတဲ့စာသင်ကျောင်း ၃၇ ကျောင်းအထိရှိလာပြီလို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ပညာရေးဝန်ထမ်းတဦးက ''ကျောင်းဝင်းထဲ မြစ်ရေတွေတဟုန်ထိုးဝင်ရောက်လာလို့ အခြေခံပညာကျောင်း ၂၄ ကျောင်းကို ဇူလိုင် ၁၇ ရက် ကတည်းကထပ်မံပိတ်ထားလိုက်ရတာပါ။ ရေဘေးအန္တရာယ် ရှိတဲ့ အခြေအနေကြောင့်ပါ''လို့ ပြောပါတယ်။
ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၂၄ ကျောင်းတွေကတော့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၁ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၄ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၁၅ ကျောင်း စုစုပေါင်း ၂၄ ကျောင်း ဖြစ်ပြီး ဇူလိုင် ၁၅ ရက်က ၁၃ ကျောင်း ပိတ်ထားရလို့ စုစုပေါင်း စာသင်ကျောင်း ၃၇ ကျောင်းအထိ ပိတတ်ထားရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက ''စာသင်ကျောင်းတွေကို ပတ်တာဘာမှမဖြစ်ဘူး။ မပိတ်ရင်အန္တရာယ်ရှိမှာ။ အခုရေက ရပ်ကွက်ထဲတွေအထိ ရောက်နေပြီ။ အမှတ် ၆ ရပ်ကွက်မှာဆို ဒီနေ့ အိမ်တွေ မနည်း ရေမြုပ်နေတာ''လို့ ပြောပါတယ်။
အဲ့ဒီ အခြေခံပညာ ကျောင်းတွေကို လတ်တလောအနေနဲ့ ၇ ရက်လောက် ယာယီပိတ်ထားမှာဖြစ်ပြီး မြစ်ရေအခြေအနေအပေါ်မူတည်ကာ ကျောင်းတွေကို စနစ်တကျပြန် လည်ပြင်ဆင်ပြီး ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
ကျောင်းသားမိဘတဦးက ''မြစ်ရေကအရမ်းဝင်လာတော့ အန္တရာယ်မဖြစ်စေဖို့ ကြိုတင် ပိတ်တာဖြစ်တာလို့သိရတယ်။ အခုပိတ်လိုက်တဲ့ ကျောင်းတွေအကုန်ရေမြုပ်နေတာ။ ပိတ်တာကောင်းပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီ ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို မြစ်ရေကျဆင်းချိန် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေ စာသင်ချိန်သင်ခန်းစာနောက်မကျစေဖို့ ကျောင်းပြန်ဖွင့်ချိန်မှာ စာသင်ရက်တွေကို အစားထိုး ဖွင့်လှစ်သင်ကြားပေးသွားဖို့ ရှိနေပါတယ်။