Home
မြန်မာသတင်း
မြဝတီကျားဖြန့်ဂိုဏ်းတွင် ခိုင်းစေခံရသည့် အိန္ဒိယနိုင်ငံသား ၁၁ ဦး လွတ်မြောက်
DVB
·
July 22, 2024
Photo - India in Myanmar (Embassy of India, Yangon)

ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ခိုင်းစေခံရပြီးပိတ်မိနေတဲ့ အိန္ဒိယ နိုင်ငံသား ၁၁ ဦး ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း The Indian Express သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို မြန်မာအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ဒေသတွင်း တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့  ဇူလိုင် ၁၉ ရက်မှာ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

သံရုံးရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပြန်လည်လွတ် မြောက်လာသူတွေကို လွှဲပြောင်းပေးတဲ့ မှတ်တမ်းဓာတ်ပုံတွေကို မျှဝေထားခဲ့ပြီး မြန်မာ အာဏာပိုင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒေသဆိုင်ရာ အကူအညီတွေဟာ အလွန်အရေးကြီးတဲ့ အကြောင်းနဲ့ ဒီကူညီပေးမှုအတွက် ကျေးဇူးတင်ရှိပြီး တရားမဝင် အလုပ်အကိုင်တွေ ခေါ်ယူမှုတွေနဲ့ ပတ်သက်လို့ သွေးဆောင်မခံရစေဖို့ သံရုံးရဲ့ အကြံပေးချက်ကို လေးနက်စွာ ထပ်လောင်းပြောကြားထားတယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သူတို့ကို နေရပ်ပြန်ပို့နိုင်ရေးအတွက် သံရုံးအနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက လည်း “မြဝတီမြို့ ရွှေကုက္ကို အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦးကို မြန်မာအာဏာပိုင်တွေနဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့ ဒီနေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို နေရပ်ပြန်ရေးအတွက် ကျနော်တို့ လုပ်ဆောင်နေပါတယ်" လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေထားပါတယ်။

ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့် လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလိုဖော်ပြထား တာဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင် ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဆိုက်ရောက်နိုင်ငံ (Destination) အဖြစ် ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံနိုင်ငံ (Transit) တွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီ လုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူ တွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024