Home
မြန်မာသတင်း
ဘားအံ-မြဝတီလမ်းတွင် တရားဝင်ကုန်စည်တင်သူများလည်း ဂိတ်ကြေး ပေးနေရ 
DVB
·
July 4, 2024

ကရင်ပြည်နယ်၊ ဘားအံ-မြဝတီလမ်းကြောင်းတလျှောက် စစ်ကောင်စီ လက်အောက်ခံ တပ်ဂိတ်၊  ရဲဂိတ်၊ BGF ဂိတ်တွေများလာတဲ့အပြင်  တရားဝင်အခွန်လိုင်စင်နဲ့  ကုန်စည်တင်ဆောင်နေတဲ့ ကုန်တင်ယာဉ်တွေဟာ တရားမဝင်ကုန်စည်တင်ယာဉ်တွေ နည်းတူ  ဂိတ်ကြေး ပေးဆောင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို  ထို့ကော်ကိုးလမ်း၊  ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကိုဖြတ်သန်းပြီး ခရီးသည်နဲ့ကုန်စည်တွေ သယ်ယူပို့ဆောင်ခဲ့ရပါတယ်။

မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာပြီး လမ်းပိုင်းအားလုံး ယာယီပိတ်ထားတာကြောင့် ကော့ကရိတ်- မြဝတီ(အောက်ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုနေတာပါ။

ဒါအပြင် ဇွန် ၂၇ ရက်က ယာဉ်တွေအားလုံးကို ကော့ကရိတ်မြို့တွင်းလမ်းကနေ လှိုင်းဝ-ဘားအံလမ်းပိုင်းကနေ ယာယီဖြတ်သန်းခွင့်ပေးခဲ့ပြီးနောက် ပြန်လည်ပိတ်ထားပါတယ်။

လမ်းမှာ ဖြတ်သန်းတဲ့အခါ တရားဝင် လုပ်လည်း တရားမဝင်လုပ်သူတွေလို ပိုက်ဆံပေးနေရတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

“လမ်းမှာ ဂိတ်တွေများလာတယ်။ ပိုက်ဆံကောက်တဲ့နေရာတွေ များလာတယ်။ လမ်းကြေးဂိတ်ကြေးကိစ္စတွေ နောက်ပြီးတော့ ကုန်စည်တင်ပို့ရတာ မချောမွေ့ဘူး ကားတွေက။ မြဝတီကနေ ဆင်းမယ်ဆိုရင် သိတဲ့အတိုင်းပဲ။ ဂျိုင်းတံတားက ရဲတွေ၊ BGF အဖွဲ့တွေ စစ်တပ်တွေ ဂျူတီဆောင်တဲ့ စာရွက်စာတမ်းပြလည်း နားမလည်ဘူး။ သူတို့တောင်းသလောက် ပေးရတယ်။  ပြောရမယ်ဆိုရင် စာရွက်စာတမ်းနဲ့ တရားဝင်လုပ်စားတဲ့သူတွေလည်း စာရွက်စာတမ်းမပါတဲ့ လူတွေပေးရသလို ပေးနေရတယ်။”

မြဝတီမြို့ကနေ ဂျိုင်းတံတားအထိ ကုန်တင်ယာဉ် ၁ စီးကိုအသွားတခြမ်းကို ကျပ် ၁၈ သိန်း၊ ခရီးသည်တင်ယာဉ်တစီးကို ကျပ် ၂ သိန်းလောက် ဂိတ်ကြေးပေးဆောင်နေရပါတယ်။ ဒါအပြင် ယာဉ်စီးခအနေနဲ့ ဘားအံ-မြဝတီ ခရီးသည် တယောက်ကို ကျပ် ၁ သိန်းခွဲအထိ ယာဉ်စီးခတွေမြင့်တက်ခဲ့ပါတယ်။

ဘားအံ- မြဝတီလမ်းပိုင်းမှာ ဂိတ်တွေ  ပိုများလာတာကြောင့်  ရတဲ့ငွေနဲ့ ဂိတ်ကြေး၊ ဆီးဖိုး၊ ကားပြန်ပြင်ရတာနဲ့ ဘာမှမထူးဘူးလို့  ယာဉ်မောင်းတွေက ပြောပါတယ်။

ခရီးသည်တင် ယာဉ်မောင်းတဦးက “အခုက ပိုဆိုးလာတယ်။ ဂိတ်တွေက ပိုများလာတယ်။ အခုက ရှုပ်ယှက်ခက်နေတာပဲ။ အသွားတခုတည်းကို ၂ သိန်းလောက်ကုန်တာ။ အပြန်မပါသေးဘူး။ အသွားအပြန် ၄ သိန်းနည်းပါးပဲ။ အဲလောက်ထိကုန်တယ်။ ကားလေးပဲရှိသေးတယ်။ ၁၂ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီးတို့ဆိုရင်  မနည်းဘူး။ ၁၀ သိန်းကျော်ရင် ကျော်မယ်။ ရတဲ့ငွေနဲ့ ဂိတ်ကြေး၊ ဆီးဖိုး၊ ကားပြန်ပြင်ရတာနဲ့ ဘာမှမထူးဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံထွက် စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ ငရုပ်၊ ကြက်သွန်၊ ကွမ်းသီးနဲ့ တခြားကုန်ကြမ်းအနည်းငယ် တင်ပို့နေတာဖြစ်ပြီး ထိုင်းနိုင်ငံကနေ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေကို အဓိကတင်သွင်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြဝတီမြို့မှာ ကုန်စည်တွေပြတ်တောက်ခဲ့တာကြောင့်  စားဆီ ၁ လီတာကိုကျပ် ၅၅၀၀၊ ဆန် ၁ ပြည် ကျပ် ၁၀၀၀၀ ၊ ကြက်ဥ ၁ လုံး  ၄၀၀ ကျပ်၊ ဘဲဥ ၁ လုံး ၈၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ကျပ် ၂၀၀၀၀ ၊ ကြက်သွန်နီ ကျပ် ၄၀၀၀ ကျော်၊ ငါး ၁ ပိဿာကျပ် ၄၀၀၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းကြီး မြင့်လာတာကြောင့် မြဝတီမြို့မှာ ခိုး ဆိုး လု နှိုက်တွေ ပိုများလာတဲ့အပြင် ဥပဒေစိုးမိုးမှုမရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

“ကားပျောက်တယ်၊ ပစ္စည်းပျောက်လည်း ကိုယ့်ဖြစ်ကိုယ်ခံပဲ။ မြဝတီမှာ လောင်းကစားရုံတွေ၊ ကာစီနိုရုံတွေ ရှိတယ်။ မြင်းဆေးတွေ ပေါတယ်။ မြဝတီဆိုတော့ ခိုး၊ ဆိုး၊ လု၊ နှိုက်က နဂိုကလည်း ပေါတယ်။ အခု ပိုဆိုးတယ်။ အခုဆို ဘယ်သူ့ သွားတိုင်မလဲ။ ဘယ်သူက အရေးယူမလဲ။ တိုင်လို့လည်း မရဘူး။”

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ဒေါ်လာဈေးမြင့်တက်တာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့နယ်စပ်တွေကနေ ကုန်သွယ်မှုပြုလုပ်နေတာ ဖြစ်ပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013